ဝန်းသို ၂၂ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ရန်ပုံငွေကျပ်သိန်း ၁၀ဝစီဖြင့် ဝန်းသိုမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၂၁ ရွာတို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ ရွေးချယ် အတည်ပြုခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒေါင်းမြူးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးနေမျိုးထွန်းက အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမြတ်မျိုးထွန်းက အခမ်းအနား ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျေးရွာ ၂၁ ရွာမှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီ(VDC)များက ကျေးရွာအလိုက် ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းအခြေအနေများကို တင်ပြကြပြီး မြို့နယ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ(TPIC)အဖွဲ့က လိုအပ်သည်များကိုအကြံပြုဆွေးနွေးကာ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများကို ရွေးချယ်အတည်ပြုခဲ့ကြသည်။
ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရင်းနှီးမြှုပ်နှံငွေကျပ်သိန်း ၁၀ဝ ပံ့ပိုးမှုဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၄၅ ရွာ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၂၉ ရွာ စုစုပေါင်းကျေးရွာ ၇၄ ရွာ တို့တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပြီး ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၂၁ ရွာ အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)