မြင်းခြံ ၁၁ ဧပြီ
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့ မွန်းလွဲပိုင်းက မြင်းခြံမြို့နယ်၊ ရန္တပိုကျေးရွာတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ ရန္တပိုအိုးလုပ်ငန်းနှင့် ကွန်ကရစ်လမ်း ဖွင့်လှစ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရန္တပိုကျေးရွာသို့ ရောက်ရှိပြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးတိုးအောင်လင်းမှ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန္တပိုအိုးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ပုံများကို ကြည့်ရှုရာ အိုးလုပ်ငန်းပိုင်ရှင် ဦးချစ်နှင့် မိသားစုမှ အိုးလုပ်ငန်းလုပ်ကိုင်ပုံ အဆင့်ဆင့်ကို လက်တွေ့ဆောင်ရွက် ပြသခဲ့ကြသည်။ ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်သော ကျေးလက်ကွန်ကရစ်လမ်းဖွင့်ပွဲကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်အေးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါ ကွန်ကရစ်လမ်းကို နိုင်ငံတော် ထောက်ပံ့ငွေကျပ် (၁၀)သန်းနှင့် ပြည်သူထည့်ဝင်ငွေ (၂ ဒသမ ၅) သန်းတို့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အကျယ် (၁၂) ပေ၊ ထု (၆) လက်မ၊ အရှည်ပေ (၁၀ဝ၀) ဖြစ်ကြောင်း သိရသည်။
ဦးဇော်မင်းနိုင် (မြင်းခြံ)


