ရပ်စောက် မတ် ၂၂
နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦးက အမှာစကား ပြောကြားသည်။ ဆက်လက်၍ ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်းက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ၊ တောင်သူများက မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက တက်ရောက်လာသူများအား မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
စိုးလင်း(တောင်ကြီး)


