ရပ်စောက် ဇူလိုင် ၁၈

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ ကျန်းမာဖို့ ကျန်းမာရေးအဆင့်မြှင့်ကျောင်းများ ထူထောင်စို့ ဟူသည့် ဆောင်ပုဒ်နှင့်အညီ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ကျောင်းကျန်းမာရေး လှုပ်ရှားမှုများကို ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက မြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်နန်းမြကြည်နှင့် ကျန်းမာရေးကြီးကြပ်-၁ ဒေါ်လှရတနာတို့ ဦးဆောင်သည့် အဖွဲ့နှစ်ဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများသည် ကျောင်းများရှိ KG ကလေးများအား Covid ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်း၊ ကလေးများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိ/မရှိ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် ဝမ်းဗိုက်ကျန်းမာရေးများ စစ်ဆေးခြင်း၊ ကျောင်းမုန့်ဆိုင်အား ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ကြသည်။

 

ဆက်လက်၍ ကျောင်းသား ကျောင်းသူများကို သွေးလွန်တုပ်ကွေးရောဂါမှ ကင်းဝေးစေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ခြင်အန္တရာယ် ကင်းဝေးစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များ၊ ခြင်များ မပေါက်ပွားစေရန် အတွက် နေအိမ်နှင့် ကျောင်းဝင်းအတွင်း ပြုလုပ်ရမည့်နည်းလမ်းများကို ကျန်းမာရေးကြီးကြပ်-၁ ဒေါ်လှရတနာကလည်းကောင်း၊ မိုးရာသီတွင် အဖြစ်များလေ့ရှိသည့် ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရန် စားသောက်နေထိုင်ရမည့်နည်းလမ်းများကို မြို့နယ်ပညာရေးမှူးရုံးမှ ဆရာမဒေါ်အမာကြူကလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။

 

ဆုမွန်