တောင်ကြီး ၁၃ ဇန်နဝါရီ
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘတ်ဂျက်ဖြင့်ဆောင်ရွက်ပေးသော တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ အလည်ချောင် ကျေးရွာအုပ်စု၊ ရွာမ၊ ရွာသစ်၊ ဖောင်းပြားကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲကို ဇန်နဝါရီ ၁၂ ရက် နံနက် ၉ နာရီခွဲက အလည်ချောင်ကျေးရွာ၌ ကျင်းပကြောင်း သိရသည်။
ရွာမ၊ ရွာသစ်၊ ဖောင်းပြားကျေးရွာ (၂၄)နာရီလျှပ်စစ်မီးရရှိသည့်ဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ရှမ်းပြည်နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းလတ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ခရိုင် သုံးခရိုင်၊ မြို့နယ်(၂၁)မြို့နယ်ဖြင့် ဖွဲ့စည်းထားရှိပြီး ကာလိ၊ မိုင်းစံ၊ ဟိုမိန်းမြို့ သုံးမြို့သာ လျှပ်စစ်မီးရရှိရန် ကျန်ရှိပြီး ကျန်မြို့နယ်အားလုံး လျှပ်စစ်ဓာတ်အားရရှိပြီးဖြစ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင်လည်း မြို့နယ် အားလုံးနီးပါး လျှပ်စစ်ဓာတ်အားရရှိသုံးစွဲလျက်ရှိကာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နိုင်ငံတော် ဓာတ်အားစနစ်ဖြင့် လျှပ်စစ်ဓာတ်အားရရှိခြင်းမရှိသေးဘဲ အစိုးရသစ်တာဝန်ယူ ဆောင်ရွက်နေရသည့် ကာလအတွင်း လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေမှ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေး နှစ်တွင် ကျပ်သန်း ၁၂၀၄၅ ဒသမ ၃၁၇ ကျပ်၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၁၂၃၂၆ ဒသမ ၇၅၈ ကျပ်၊ ၂၀၁၈ - ၂၀၁၉ (၆)လပတ် ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၁၀၅၅၈ ဒသမ ၄၈၂ ကျပ် ပြည်သူများ လျှပ်စစ်မီးဗို့အားပြည့်မီစွာ သုံးစွဲ နိုင်ရေး၊ လျှပ်စစ်ဓာတ်အားလုံလောက်စွာသုံးစွဲနိုင်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ရာခိုင်နှုန်း အားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်း ၄၄ ဒသမ ၁၃ ရာခိုင်နှုန်း နိုင်ငံတော်ဓာတ်အားပေးစနစ်မှ သုံးစွဲနိုင်ပြီး မီးလင်းရန် ကျန်ရှိသည့် မြို့နယ်၊ ကျေးရွာများကို လျှပ်စစ်ဓာတ်အားတိုးမြှင့်ရရှိရေးအတွက် ပြည်ထောင်စုအစိုးရဘတ်ဂျက်၊ ပြည်နယ်အစိုးရဘတ်ဂျက်များဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရပ်စောက်မြို့နယ်၊ အလည်ချောင် ကျေးရွာအုပ်စု၊ ရွာမ၊ ရွာသစ်၊ ဖောင်းပြားကျေးရွာများတွင် လျှပ်စစ်ဓာတ်အားကို (၂၄) နာရီရရှိသည့်အတွက် ကျေးလက်နေ တိုင်းရင်းသားပြည်သူများ၏ လူမှုရေး၊ ကျန်းမာရေးနှင့် စီးပွားရေးအခြေအနေကောင်းများ ပေါ်ပေါက်လာမည် ဖြစ်ကာ ဒေသခံတိုင်းရင်းသားညီကိုမောင်နှမများ၏ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကောင်းမွန်အောင်မြင်မှုရရှိလာမည်ဖြစ်ကြောင်းနှင့် လျှပ်စစ်ဓာတ်အားကို စနစ်တကျအကျိုးရှိစွာ အသုံးပြုကြရန် မှာကြားလိုကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ရှမ်းပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းလတ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်တို့က အသီးသီးအမှာစကား ပြောကြားကြသည်။
ဒေသခံပြည်သူများကိုယ်စား ကျေးရွာလျှပ်စစ်မီးလင်းရေးကော်မတီ အတွင်းရေးမှူး ဦးစိုးသန်းမှ လျှပ်စစ်မီး လင်းရေးနှင့်ပတ်သက်၍ ဆောင်ရွက်သည်များကို ရှင်းလင်းရာ လွန်ခဲ့သော ၂၀၁၂ ခုနှစ်ကတည်းက စတင် ဆောင်ရွက်ခဲ့ပြီး ကောင်းဘို့မီးလင်းရေးကော်မတီသို့ လိုင်းကြေးသိန်း ၄၀၀ ကျပ်ပေးသွင်းရမည်ဟု သဘောတူညီမှု ရရှိခဲ့ပြီး ကောင်းဘို့ကျေးရွာသို့ ၂၁၂ ကျပ်သိန်းပေးခဲ့ကာ မာဃမြင့်ကုမ္ပဏီနှင့်စာချုပ်ချုပ်ဆိုဆောင်ရွက်ခဲ့ကြောင်း၊ ရွာသူ/ရွာသားများ စုပေါင်းငွေကြေးဖြင့် ကြိုးစားဆောင်ရွက်ခဲ့ရာ (11KV) လိုင်း ၆၇၂၀ ပေနှင့် ကျေးရွာတွင်း ၄၀၀ ဗို့အားလိုင်းသွယ်တန်းရန် မီးတိုင် ၁၉၈ တိုင်စိုက်ထူပြီး (160 KVA) ထရစ်စဖော်မာ (၂)လုံး တည်ဆောက် နိုင်ကာ မာဃမြင့်ကုမ္ပဏီသို့ ကျပ်သိန်းပေါင်း ၄၃၀ ကျော်အကြွေးတင်ရှိကာ ကျေးရွာပြည်သူများ၏ စီးပွားရေး အခြေအနေ အခက်အခဲများရှိနေသောကြောင့် ၂၀၁၇ ခုနှစ်အထိ မီးလင်းရေးလုပ်ငန်းရပ်တန့်ခဲ့ပြီးနောက် ရပ်စောက် မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ဦးခိုင်ညီညီကျော်မှ ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အခြေအနေကို သိရှိပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ချိတ်ဆက်ပေးမှုကြောင့် ၂၀၁၇- ၂၀၁၈ ခုနှစ် RE ဘတ်ဂျတ်တွင် သိန်းပေါင်း ၉၂၀ ကျပ်၊ ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်တွင် သိန်းပေါင်း ၁၄၀၀ ကျပ်နှင့် (160 KVA) ထရစ်စဖော်မာ တစ်လုံးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘတ်ဂျက်မှ ချပေးခဲ့ကြောင်း၊ ယခုတွင် ရွာသစ်၊ ရွာမ၊ ဖောင်းပြားကျေးရွာ သုံးရွာအတွင်း (160 KVA) ထရစ်စဖော်မာ (၃)လုံး၊ (11KV)လိုင်း ၁၀၃၆၄ ပေ၊ ၄၀၀ ဗို့အားလိုင်း ၂၉၂၈၆ ပေ တည်ဆောက်ပြီးစီးခဲ့၍ လျှပ်စစ်မီးသုံးစွဲရန် မီတာဘောက်စာရင်း ၅၄၅ အိမ်ရှိခဲ့ကြောင်းနှင့် ယခုကဲ့သို့ လျှပ်စစ်မီး ရရှိနိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်တို့ကို အထူး ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသွားသည်။
ထို့နောက် ဒေသခံပြည်သူများကိုယ်စား ရပ်မိရပ်ဖ ဦးလှမျိုးဇော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြား ပြီး ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ဦးခိုင်ညီညီကျော်မှ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)