ရပ်စောက် စက်တင်ဘာ ၂၆
ရပ်စောက်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ဆတ်သေ(၅)ကျေးရွာ၌ ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း ရာနူန်းပြည့် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တောင်ကြီးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဝင်းစန္ဒာ၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရှေးရယ်နှင့် အင်ဂျင်နီယာဝန်ထမ်းများသည် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်းကော်မတီဝင်များနှင့်အတူ ဆတ်သေ(၅) ကျေးရွာတွင်အလျားပေ ၂၀ ၊ အနံ ၁၄ ပေ၊အမြင့် ၈ ပေ ရှိ ကျေးရွာတွင်း စာသင်ကျောင်း သွားလမ်းပေါ်ရှိ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း ရာနူန်းပြည့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ကျေးရွာသူ/သားများနှင့် တွေ့ဆုံကာ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့အောင် ကျေးရွာသူ/သားများမှ ဝိုင်းဝန်းထိန်းသိမ်းကြရန် ခရိုင်မှူးမှ ဆွေးနွေးမှာကြားခဲ့သည်။
ဆတ်သေ(၅)ကျေးရွာတွင် အဆိုပါလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း ပံ့ပိုးရန်ပုံငွေကျပ် သိန်း(၁၀၀)၊ ကျေးရွာပြည်သူထည့်ဝင်ငွေ ကျပ်သိန်း( ၉၀) အသုံးပြုကာ ဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ကြောင်း သိရသည်။
ယခုအခါ လုပ်ငန်းများအားလုံး ရာနူန်းပြည့် ဆောင်ရွက်ပြီးစီးဖြစ်၍ ကျေးရွာရှိအကျိုးပြုအိမ်ခြေ(၁၃၀)၊ လူဦးရေ(၄၈၆)ဦးတို့အတွက် ရာသီမရွေးသွားလာနိုင်ပြီးဖြစ်ကြောင်း တောင်ကြီးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဝင်းစန္ဒာ ထံမှ သိရသည်။
မောင်ခိုင်