ရပ်စောက် ၂၅ အောက်တိုဘာ
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမို ကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်စောက်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ ရပ်ကွက်/ကျေးရွာအုပ်စုရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ မဲရုံသုံး ပစ္စည်း (၃၁)မျိုးကို ယနေ့နံနက် ၁၀ နာရီက စတင်ထုတ်ပေးခဲ့သည်။
ထိုသို့ မဲရုံသုံးပစ္စည်းများကို ထုတ်ပေးရာတွင် မဲပုံး၊ မဲလက်မှတ်၊ ခြင်းတောင်း၊ ဆန္ဒပြုခန်း၊ လုံခြုံရေးကြိုး၊ ဗွီနိုင်း၊ ဆလာအိတ်များနှင့် လျှပ်စစ်မီးမရရှိသည့် မဲရုံများအတွက် မီးအိမ် အစရှိသော မဲရုံသုံးအတွက် လိုအပ်ပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံသို့ ထုတ်ပေးခဲ့ပြီး ကျန်ရှိသော မဲရုံများအတွက် မဲရုံသုံးပစ္စည်းများကို အောက်တိုဘာ ၂၆ ရက်နေ့တွင် ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရပ်စောက်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု(၃၂)အုပ်စုနှင့် မဲရုံပေါင်း(၈၄)ရုံရှိပြီး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်သိန်းတစ်သောင်းကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး တာဝန်ရှိသူထံမှ သိရသည်။
စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)


