ရပ်စောက်       နိုဝင်ဘာ   ၁၃

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော အောက်ဆီဂျင်အိုးများ လုံလောက်စွာထုပ်လုပ်နိုင်ရန်နှင့် အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရေးအတွက် စေတနာရှင် အလှူရှင် မိဘပြည်သူများ ပါဝင်လှူဒါန်းမှုဖြင့် ဆောင်ရွက်သော အောက်ဆီဂျင်စက်တပ်ဆင်ပြီးစီး၍ စက်ရုံဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဈေးတန်းရပ်ကွက်အတွင်းရှိ စက်ရုံအဆောက်အအုံ၌ ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီ ကျင်းပသည်။

 

အခမ်းအနားတွင် ဗထူးတပ်နယ်မှ ဗိုလ်မှူးချုပ် လှမိုးနှင့် မဇ္စျိမအသင်းဥက္ကဋ္ဌ ဦးမိုးအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး စက်ရုံအတွင်းသို့လှည့်လည် ကြည့်ရှုကြသည်။ အဆိုပါ အောက်ဆီဂျင်စက်ကို အောက်တိုဘာ ၂၉ ရက်နေ့တွင် တပ်ဆင်ပြီးစီးခဲ့ပြီး တစ်ရက်လျှင် လီတာ ၄၀ အောက်ဆီဂျင်အိုး ၃၅ လုံး ထုတ်လုပ်ပေးနိုင်မည်ဖြစ်၍ မြို့နယ်အတွင်းရှိ အောက်ဆီဂျင်အိုးလိုအပ်သည့် ဆေးရုံများ၊ ကျန်းမာရေး ဌာနများ၊ ပရဟိတအဖွဲ့များနှင့် အခြားပုဂ္ဂလိက လိုအပ်သူများကို ဖြည့်သွင်းဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)