ရပ်စောက် မေ ၂၀

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေများ ရာသီမရွေးရရှိစေရန် ရည်ရွယ်၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မေ ၁၉ ရက် နံနက်ပိုင်းက ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ကျောက်တောကျေးရွာအုပ်စု၊ ကျောက်တော ခေတ်မီစံပြကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ ညွှန်ကြားရေးမှူး ဦးကြည်စောနှင့် ဒေါက်တာဇာနည်မင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ကျောက်တော ခေတ်မီစံပြကျေးရွာတွင် ရေတားတမံ တည်ဆောက်ခြင်း၊ အရှည် ၃ မိုင်ရှိ စိမ့်စမ်းရေသွယ်တန်းခြင်း၊ ရွာတွင်းရေပိုက်လိုင်း သွယ်တန်းခြင်း၊ ရေစစ်ကန်/ရေစုကန် တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ထိုနောက် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါကျေးရွာရှိ ရပ်မိရပ်ဖများ၊ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ခေတ်မီစံပြကျေးရွာ ထူ‌ထောင်ခြင်းလုပ်ငန်းစီမံကိန်း ကော်မတီဝင်များနှင့် တွေ့ဆုံကာ လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန်နှင့် ကဏ္ဍာကြီး (၆)ရပ်ဖြင့် စံပြကျေးရွာ အကောင်အထည်ဖော် ဆောင်ရွက်‌‌နေမှု အခြေအနေများကို မေးမြန်းပြီး ကျေးရွာမှ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။

 

ကျောက်တော ခေတ်မီစံပြကျေးရွာတွင် အဆိုပါ ရေရရှိရေးလုပ်ငန်းများကို မဲခေါင်-လန်ချန်း ပူး‌ပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေကျပ် (၁၃၇ ဒသမ ၆၁၀)သန်းဖြင့် တင်ဒါအောင်မြင်သည့် ခိုင်ပဒေသာထွန်းကုမ္ပဏီက ယခုနှစ် ဖေဖော်ဝါရီလ တတိယအပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး၏ ၈၈ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းထံမှ သိရသည်။

 

မောင်ခိုင်