ရပ်စောက် မတ် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မိုးရာသီကာလအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်သာယာလှပစေရေးအတွက် သစ်တောစိုက်ပျိုးပြုစုထိန်းသိမ်းရေးတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက် လာစေရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရေးကို အထောက်အကူဖြစ်စေရန်နှင့် ပြည်သူလူထု၏ လူမှုစီးပွားရေး လိုအပ်ချက်များ တစ်ဖက်တစ်လမ်းမှ ပံ့ပိုး ဖြည့်ဆည်း ပေးနိုင်ရန်ရည်ရွယ်၍ ရပ်စောက်မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း(၃၈၅၀၀) ပျိုးထောင်ထားကြောင်း သိရသည်။
ရပ်စောက်မြို့နယ်၊ မြို့ဦးရပ်ကွက်အတွင်းရှိ မြို့မပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၃၀၅၀၀)နှင့် အင်တောပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၈၀၀၀) ပျိုးထောင်ထားရှိပြီး ဒေသနှင့်ကိုက်ညီသည့် ခါတော်မီ၊ ကျွန်း၊ မျောက်ငို၊ မဲဇလီ၊ ပနားမားငု၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ စကားဝါ၊ ချယ်ရီနှင့် ကသစ် စသည့်ပျိုးပင်များကို ပျိုးထောင်ထားရှိကြောင်းသိရသည်။
အဆိုပါ ပျိုးပင်များအား ၂၀၂၂ခုနှစ်၊ ဇွန် ပထမအပတ်မှစတင်၍ ရပ်စောက်မြို့၊ အင်းခေါင်းဘုန်းတော်ကြီးကျောင်းအရှေ့ဘက်၊ ကျောက်ကျင်းအနီးတွင် အမြင့်(၂)ပေအထက်ရှိသော ခါတော်မီ အပင်ရေ (၅၀၀)၊ ကျွန်းအပင်ရေ (၅၀၀)၊ စိန်ပန်းပြာ အပင်ရေ (၂၀၀)၊ စကားဝါ အပင်ရေ (၂၀၀)၊ စိန်ပန်းနီ အပင် (၁၀၀) စုစုပေါင်းပျိုးပင်(၁၅၀၀)နှင့် အင်တောမြို့၊ နန်းကုကျေးရွာ၊ မူလတန်းကျောင်းဝင်းအတွင်း အမြင့်(၂)ပေအထက်ရှိသော မဲဇလီပင် (၁၀၀)၊ မျောက်ငို အပင်ရေ (၁၀၀)၊ ခါတော်မီ အပင်ရေ(၁၅၀)၊ စိန်ပန်းနီပင် (၁၀၀)၊ စိန်ပန်းပြာပင် (၁၀၀)၊ ကျွန်းပင် (၅၀) စုစုပေါင်းပျိုးပင်(၆၀၀)အား စိုက်ပျိုး သွားမည်ဖြစ်သည်။
ရဲထက်ဦး(ပြန်/ဆက်)


