ရပ်စောက် ၁၃ ဇူလိုင်

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်၊ ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ၂ဝ၂ဝ-၂ဝ၂၁ ပညာသင်နှစ်၌ အထက်တန်းအဆင့်တွင် တက်ရောက်သင်ကြားကြမည့် ကျောင်းသားကျောင်းသူများအား ကျောင်းအပ်နှံလက်ခံခြင်းကို ဇူလိုင် ၁၃ ရက် နံနက်ပိုင်းမှ စတင်ပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ယခုအထက်တန်းဆင့်ကျောင်းအပ်နှံရေးသီတင်းပတ်ကို ပညာရေးဝန်ကြီးဌာန၏ “မည်သည့်  ခွဲခြားမှုမျှမရှိဘဲ ကျောင်းနေအရွယ်ကလေးအားလုံး အရည်အသွေးရှိသော ပညာသင်ယူခွင့်ရရှိဖို့ မိဘပြည်သူအားလုံး ဝိုင်းဝန်းကူညီစို့ ဆောင်ပုဒ်ဖြင့် ဇူလိုင် ၁၃ ရက်မှ ၁၇ ရက်အထိ ကျောင်းအပ်နှံလက်ခံသွားမည်ဖြစ်ရာ ကျောင်းအပ်နှံရန်လာရောက်ကြသည့် မိဘနှင့်ကျောင်းသား ကျောင်းသူများအား ကျောင်းအဝင်ဝတွင် သုံးပေအကွာနေစေပြီး Mask များ တပ်ဆင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာစစ်ဆေးပေးခြင်း၊ လက်ကိုစင်ကြယ်စွာ ဆေးကြောစေပြီးမှ ကျောင်းအတွင်းဝင်ရောက်၍  ကျောင်းအပ်နှံနိုင်ရန် စနစ်တကျစီစဉ်ဆောင်ရွက်ထားရှိကြောင်း ပညာရေးဌာနမှသိရသည်။

 

၂ဝ၂ဝ-၂ဝ၂၁ ပညာသင်နှစ်တွင် အထက်တန်းဆင့်၌ အဋ္ဌမတန်းအောင်မြင်ပြီး နဝမတန်းသို့ တက်ရောက်သင်ကြားမည့်သူများကို သင်ရိုးသစ်ဖြင့်လည်းကောင်း၊ နဝမတန်းအောင်မြင်ပြီး ဒသမတန်းသို့ တက်ရောက်သင်ကြားမည့်သူများကို သင်ရိုးဟောင်းဖြင့်လည်းကောင်း သင်ကြားသွားမည်ဖြစ်ရာ သင်ရိုးသစ်တွင် ဘာသာတွဲ(၃)ခုသတ်မှတ်ထားရှိပြီး အဆင့်မြင့်တက္ကသိုလ်များသို့ တက်ရောက်ရန်မျှော်မှန်း ထားသူများအနေဖြင့် ဘာသာတွဲ(၁)ကိုလည်းကောင်း၊ အသက်မွေးဝမ်းကျောင်းပြုနိုင်သည့် တက္ကသိုလ်များသို့ တက်ရောက်လိုသူများသည် ဘာသာတွဲ(၂)ကိုလည်းကောင်း၊ အခြားတက္ကသိုလ်များသို့ တက်ရောက်လိုသူများမှာ ဘာသာတွဲ(၃)ကိုလည်းကောင်း စိတ်ကြိုက်ရွေးချယ် သင်ကြားနိုင်မည်ဖြစ်သည်။

 

ကျောင်းများကို ဇူလိုင် ၂၁ ရက်မှ စတင်ပြီး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်၍ COVID-19 ကူးစက်ရောဂါကာလအတွင်း ဒဿမတန်းကို နံနက်ပိုင်းတွင် လည်းကောင်း၊ မွန်းလွဲပိုင်းတွင် နဝမတန်းကိုလည်းကောင်း ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ဇော်ဝင်း(ပြန်/ဆက်)

 

mdn