ပုလဲ ၁၄ စက်တင်ဘာ


စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ ပုလဲရတနာခန်းမ၌ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကကြီးမှူး၍ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက်  ရပ်ကွက်/ကျေးရွာအုပ်စုအဆင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းသင်တန်းဖွင့်ပွဲကို  ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ  ဦးထွန်းကြည်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်   ဆန္ဒမဲ  ပေးပိုင်ခွင့်ရှိသော နိုင်ငံသားတိုင်းမဲစာရင်းတွင် ပါဝင်ခြင်းဖြင့် ၄င်းတို့၏ နိုင်ငံသား အခွင့်အရေး မဆုံးရှုံးစေရေး၊ အခြေခံ  မဲဆန္ဒရှင် စာရင်းများ မှန်ကန်တိကျစွာ ကောက်ယူရေးသွင်းနိုင်ရေးနှင့် အချက်အလက်များ မှန်ကန်မှုရှိစေရေးကို ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ဆက်လက်၍  မြို့နယ်ရွေးကောက်ပွဲအရာရှိ  ဒေါ်ခင်ခင်ဆွေက သင်တန်းတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းပုံ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲဆိုင်ရာ စက်ဝန်းနှင့် မဟာဗျူဟာစီမံကိန်းပန်းတိုင်များ၊ မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းလမ်းညွှန်များ၊ လူထုထံ ပိုမိုရောက်ရှိရန် ဆောင်ရွက်ခြင်းနှင့် မဲဆန္ဒရှင်စာရင်းပြုစု ခြင်းဘာသာရပ်များကို ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက  ပို့ချဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားသည်။


အဆိုပါ သင်တန်းသို့ ပုလဲမြို့နယ်အတွင်းရှိ ရပ်ကွက် ၂ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၅၉ အုပ်စုမှ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။ 


MDN

 

201909