ရပ်နားထားသည့် MNL အမှတ်ပေးပြိုင်ပွဲ မတ် ၃၀၊ ၃၁ ရက် ပြန်လည်ကျင်းပမည်

နေပြည်တော်  ၂၈ မတ်

တစ်လနီးပါး ရပ်နားထားသည့် ၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို မတ် ၃၀၊ ၃၁ ရက်တွင် ပြန်လည်ကျင်းပမည် ဖြစ်သည်။ ယင်းပြိုင်ပွဲကို မြန်မာ့လက်ရွေးစင်အသင်း၏ နိုင်ငံတကာ ခြေစမ်းပွဲနှင့် မြန်မာ ယူ-၂၃ အသင်း၏ အာရှ ယူ-၂၃ ခြေစစ်ပွဲကြောင့် မတ် ၂၊ ၃၊ ၄ ရက်က ကျင်းပသည့် ပွဲစဉ် (၅) အပြီးတွင် ရပ်နားခဲ့ခြင်း ဖြစ်သည်။

ပြန်လည်ကျင်းပမည့် MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၆) တွင် အသင်းကြီး နှစ်သင်းဖြစ်သည့် ရန်ကုန်နှင့် ဧရာဝတီအသင်းတို့ တွေ့ဆုံနေပြီး ယခုတစ်ပတ်၏ အကောင်းဆုံးပွဲ ဖြစ်လာနိုင်သည်။

ပွဲစဉ် (၆) အဖြစ် မတ် ၃၀ ရက်တွင် YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် ဧရာဝတီအသင်း၊ ဗထူးကွင်း၌ ရတနာပုံအသင်းနှင့် ဒဂုံအသင်း၊ ပဲခူး Grand Royal ကွင်း၌ ဟံသာဝတီအသင်းနှင့် Chinland အသင်း၊ မတ် ၃၁ ရက်တွင် သုဝဏ္ဏကွင်း၌ ဇွဲကပင်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ မော်လမြိုင်ကွင်း၌ Southern အသင်းနှင့် မကွေးအသင်း၊ ဝေသာလီကွင်း၌ ရခိုင်အသင်းနှင့် စစ်ကိုင်းအသင်းတို့ တွေ့ဆုံလျက်ရှိသည်။

ရန်ကုန်နှင့် ဧရာဝတီအသင်းတို့၏ တွေ့ဆုံမှုအပြင် ရှစ်မှတ်စီရထားသည့် ရခိုင်နှင့် စစ်ကိုင်း၏ တွေ့ဆုံမှုမှာလည်း ပြိုင်ဆိုင်မှု ပြင်းထန်ဖွယ်ရှိနေသည်။ ရန်ကုန်အသင်းသည် ဇယားထိပ်ဆုံးတွင် ဆက်လက်ရပ်တည်နိုင်ရန် ယခုပွဲတွင် အမှတ်လျော့၍ မရဘဲ ဧရာဝတီအသင်းမှာလည်း နည်းပြသစ် ဦးမျိုးလှိုင်ဝင်းလက်ထက် တတိယမြောက်ပွဲတွင် ရလဒ်ကောင်း ထပ်မံရယူနိုင်ရန် ရုန်းကန်ဖွယ်ရှိနေသည်။

ဦးမျိုးလှိုင်ဝင်းလက်ထက်တွင် ဧရာဝတီအသင်းသည် တစ်ပွဲနိုင်၊ တစ်ပွဲသရေကျထားပြီး ဒဏ်ရာရ ကစားသမားများလည်း ရှိနေသောကြောင့် အဝေးကွင်း၌ အားကုန်ထုတ်ကစားရမည် ဖြစ်သည်။ ပွဲစဉ် (၅) အပြီးတွင် ဇယားထိပ်ဆုံး၌ ဦးဆောင်ခွင့်ရမည့် အခွင့်အရေးကို သရေရလဒ်ကြောင့် လက်လွှတ်ခဲ့ရသည့် စစ်ကိုင်းအသင်းသည် ယခုရာသီတွင် ပုံစံကောင်းရနေသည့် ရခိုင်အသင်းနှင့် တွေ့ဆုံနေရာ ခက်ခက်ခဲခဲကစားရဖွယ်ရှိနေသည်။ 

ထို့ပြင် ဇယားအောက်ဆုံး ရောက်နေသည့် ဒဂုံနှင့် Chinland အသင်းတို့၏ ရုန်းကန်မှုများကိုလည်း စောင့်ကြည့်ရမည်ဖြစ်သည်။

ပွဲစဉ် (၅) အပြီးတွင် ရန်ကုန်အသင်းနှင့် ဟံသာဝတီအသင်းက ၁၀ မှတ်စီ၊ ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းက ကိုးမှတ်စီ၊ စစ်ကိုင်း၊ ရခိုင်နှင့် ရတနာပုံအသင်းတို့က ရှစ်မှတ်စီ၊ ဇွဲကပင်အသင်းက ခြောက်မှတ်၊ မကွေးနှင့် Southern အသင်းက လေးမှတ်စီ၊ ဒဂုံအသင်းက သုံးမှတ်၊ Chinland အသင်းက တစ်မှတ်ရထားသည်။

အမှတ်ရထားမှုများတွင် တစ်သင်းနှင့် တစ်သင်း ကွာခြားမှုမရှိသောကြောင့် အမှတ်လျော့ပါက အဆင့်ရပ်တည်မှုများလည်း ပြောင်းလဲသွားမည်ဖြစ်ရာ အသင်းများ၏ ရုန်းကန်မှုများမှာ စိတ်ဝင်စားဖွယ်ကောင်းနေသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်