၂၀  ဩဂုတ်

ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားသည့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို ယခုတစ်ပတ်တွင် ပြန်လည်ကျင်းပတော့မည်ဖြစ်ပြီး ပွဲစဉ် (၁၀) ကို သြဂုတ် ၂၂ ရက်နှင့် ၂၃ ရက်တွင် ကျင်းပမည်ဖြစ်သည်။

 

ပွဲစဉ် (၁၀) တွင် လေးပွဲသာ ပါဝင်မည်ဖြစ်ပြီး သြဂုတ် ၂၂ ရက်တွင် သုဝဏ္ဏကွင်း၌ ရှမ်းယူနိုက်တက် အသင်းနှင့် Southern အသင်း၊ YUSC ကွင်း၌ မကွေးအသင်းနှင့် ရန်ကုန်အသင်း၊ သြဂုတ် ၂၃ ရက်တွင် သုဝဏ္ဏကွင်း၌ ရတနာပုံအသင်းနှင့် အား/ကာသိပ္ပံအသင်း၊ YUSC ကွင်း၌ ဧရာဝတီအသင်းနှင့် ရခိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ MNL အမှတ်ပေးပြိုင်ပွဲတွင် ဇွဲကပင်နှင့် ချင်းယူနိုက်တက် အသင်းတို့ နုတ်ထွက်သွားသောကြောင့် ၁၀ သင်းသာ ကျန်ရှိတော့ပြီး ဟံသာဝတီနှင့် စစ်ကိုင်းအသင်းမှာ ပြိုင်ပွဲမရပ်နားမီ ကစားထားသောကြောင့် ယခုတစ်ပတ်တွင် မကစားရဘဲ ပွဲစဉ် (၁၁) မှ ကစားရမည် ဖြစ်သည်။

အမှတ်ပေးဇယားထိပ်ဆုံးတွင် တစ်ပွဲပို ၂၁ မှတ်ဖြင့် ဦးဆောင်နေသည့် ဟံသာဝတီအသင်းကို ဆက်လက် ဖိအားပေးနိုင်ရန် ရန်ကုန်၊ ဧရာဝတီ၊ ရှမ်းယူနိုက်တက်အသင်းတို့ အမှားခံ၍မရဘဲ မဖြစ်မနေ အနိုင်ရရန် ကြိုးပမ်းရမည်ဖြစ်သည်။ ပြိုင်ပွဲကို ငါးလဝန်းကျင်ရပ်နားပြီး ပြန်လည်ကျင်းပမည်ဖြစ်သောကြောင့် အသင်းများအနေဖြင့် အနည်းငယ်ရုန်းကန်ရနိုင်ပြီး မထင်မှတ်သည့်ရလဒ်များလည်း ထွက်ပေါ်နိုင်ရန် စိတ်ဝင်စားဖွယ်ဖြစ်နေသည်။ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း MNL ပြိုင်ပွဲကို ကျင်းပခွင့်ပေးထားသော်လည်း ပရိသတ်မပါဘဲ ကွင်းပိတ်ကျင်းပမည်ဖြစ်သောကြောင့် ပရိသတ်များ အနေဖြင့် ရုပ်သံမှသာ အားပေးနိုင်မည်ဖြစ်သည်။

ပြိုင်ပွဲခေတ္တရပ်နားချိန်တွင် ဟံသာဝတီအသင်း က ရှစ်ပွဲကစား ၂၁ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး  ဧရာဝတီအသင်းက ခုနစ်ပွဲကစား ၁၇ မှတ်၊ ရန်ကုန်အသင်းက ခုနစ်ပွဲကစား ၁၄ မှတ်၊ ရခိုင်အသင်းက ခုနစ် ပွဲကစား ၁၃ မှတ်၊ ရှမ်းယူနိုက်တက်အသင်းက ခုနစ်ပွဲကစား ၁၁ မှတ်၊ စစ်ကိုင်းအသင်း က ရှစ်ပွဲကစား ၁၀ မှတ်၊ မကွေးအသင်းက ခုနစ်ပွဲကစား ခြောက်မှတ်၊ ရတနာပုံအသင်း က ခုနစ်ပွဲကစား လေးမှတ်၊ အား/ကာသိပ္ပံ အသင်းက ခုနစ်ပွဲကစား သုံးမှတ်၊Southern အသင်းက ခုနစ်ပွဲကစား တစ်မှတ် ရရှိထားသည်။ ရာသီအစတွင် ပြိုင်ပွဲဝင် ၁၂ သင်းရှိသော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် ပြိုင်ပွဲရပ်နားသည့်ကာလတွင် ဇွဲကပင်နှင့် ချင်းယူနိုက်တက်အသင်း နုတ်ထွက်သွားသောကြောင့် ယင်းနှစ်သင်းကစားထားသည့် ရလဒ်အားလုံးပယ်ဖျက်ခဲ့ရကာ အမှတ်ပေးဇယားကို ပြန်လည်အတည်ပြု ထားခြင်းဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်