သာပေါင်း ၁၃ ဇန်နဝါရီ

 

သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တာဝန်ယူကာ ကျင်းပသော ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်လျော့ပါးရေး အထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၂ ရက် နံနက် ၁ဝ နာရီတွင် ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

145

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးကိုနိုင်က လွှဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

365

 

ထို့နောက် ပံ့ပိုးပေးသောပစ္စည်းများနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ရာ ကျေးရွာဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌများက လက်ခံရယူခဲ့ပြီး ကျေးရွာကိုယ်စားလှယ်တစ်ဦးက ပံ့ပိုးပေးသောပစ္စည်းများကို ထိန်းသိမ်းမည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခဲ့သည်။

 

ယနေ့လွှဲပြောင်းပေးအပ်သော ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်လျော့ပါးရေး အထောက်အကူပြုပစ္စည်းများသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဆွီဒင်နိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် Accountable Resilient Branches (ARB) Project ၏ ပံ့ပိုးကူညီပေးခြင်းဖြစ်ပြီး သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တာဝန်ယူကာ စီမံချက်ဝင်ကျေးရွာများဖြစ်သည့် ဇီးပင်ကွင်း၊ ကျောက်စရစ်ကုန်း၊ သင်္ကန်းပင်ဆိပ် စသည့် ကျေးရွာ (၃) ရွာသို့ တစ်ရွာလျှင် ကျပ် (၁၀)သိန်းကျော် တန်ဖိုးရှိသော ပစ္စည်းများအား လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။

 

မျိုးဇော်သိန်း (ပြန်/ဆက်)