ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ ဖြိုးမှုနှင့်အတူ

၁၈  စက်တင်ဘာ

 

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယ မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism-CBT) များ ဖွင့်လှစ်လိုက်ရာ ယင်းသည် ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပထမဆုံးဖွင့်လှစ်ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း ၁၆ ခုအထိ ဖွင့်လှစ်လာနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

 

ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနသည် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို နိုင်ငံခြားငွေရှာဖွေပေးသည့် အရေးကြီး စီးပွားရေးကဏ္ဍ တစ်ခုဖြစ်စေရေး၊ အာဆီယံစီးပွားရေးအသိုက်အဝန်းအတွက် အသင့်ဖြစ်စေရေး၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ ဓလေ့ထုံးစံများ၊ သဘာဝပတ်ဝန်းကျင်များကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးမှုအပေါ် ကျယ်ပြန့်စွာ အခြေခံစေရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး မူဝါဒများချမှတ်ကာ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဆောင်ရွက်လျက်ရှိသည်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ရာတွင် ခရီးသွားလုပ်ငန်းမှ ရရှိသည့် အကျိုးအမြတ်များကို ပြည်သူများ ပိုမိုသိရှိရန်၊ ခရီးသွားလုပ်ငန်းကို ပြည်သူများ စိတ်ဝင်စားလာစေရန်၊ မိမိတို့၏ ရိုးရာယဉ်ကျေးမှုကို ပိုမို ထိန်းသိမ်းလာစေရန်နှင့် ခရီးသွားလုပ်ငန်းတွင် ပြည်သူများ ပါဝင်ဆောင်ရွက်လာစေရန်အတွက် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းများကို အကောင်အထည်ဖော်လာရခြင်း ဖြစ်သည်။

 

ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းဆိုသည်မှာ ရပ်ရွာနေဒေသခံ ပြည်သူတို့က ခရီးသွားဧည့်သည်တို့ကို ၎င်းတို့နေထိုင်ရာ ကျေးရွာသို့ ဖိတ်ကြားကာ ညအိပ်ညနေ အလည်အပတ်လာရောက်မှုများအား စားသောက်ဖွယ်ရာနှင့် အိပ်စက်အနားယူရန် စီစဉ်ပေးခြင်းဖြင့် ဝင်ငွေရရှိ စေသည့် နည်းလမ်းဖြစ်သည်။ CBT ခရီးသို့ လာရောက်လည်ပတ်ကြ သူများမှာ ကြီးကျယ်ခမ်းနားသော ဟိုတယ်ကြီးများနှင့် ဟိုတယ်၏ ဝန်ဆောင်မှုအမျိုးမျိုးတို့နှင့် ကွဲပြားခြားနားသော အတွေ့အကြုံသစ်များကို ရယူခံစားလို၍ လာရောက်ကြသူများဖြစ်သည်။ CBT ကျေးရွာများမှ လူမှုအသိုင်းအဝိုင်းများ၏ အသက်မွေးမှုပုံစံများ၊ ရပ်ဓလေ့ရွာဓလေ့များ၊ ကျေးရွာ၏သဘာဝပတ်ဝန်းကျင်များကို ကြည့်ရှုလေ့လာကြရင်း ကျေးလက်နေ ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ လက်မှုလုပ်ငန်းများ စသည်တို့တွင် အတွေ့အကြုံယူကာ ကိုယ်နှင့်စိတ်ကို အပြောင်းအလဲတစ်မျိုးဖြင့် အပန်းဖြေကြခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် ပတ်ဝန်းကျင် ဒေသများသို့ပါ တောတွင်းခြေကျင်ခရီးထွက်ခြင်း၊ စက်ဘီးစီးခြင်း၊ တောင်တက်ခြင်း၊ လှေစီးခြင်း၊ မြင်းစီးခြင်း၊ လှည်းစီးခြင်း၊ ငှက်ကြည့်ခြင်း၊ ရှေးဟောင်းအဆောက်အအုံများ၊ သာသနိက အဆောက်အအုံများကို လေ့လာခြင်းတို့ကို ပြုလုပ်ကြသည်။

 

ခရီးသွားလုပ်ငန်းကို မီးခိုးမထွက်သော စက်ရုံအဖြစ် တင်စားကြသည်။ ခရီးသွားလုပ်ငန်းသည် ဝန်ဆောင်မှုပေး၍ ဝင်ငွေရယူသော လုပ်ငန်းဖြစ်ခြင်းကြောင့်ပင် ဖြစ်သည်။ ခရီးသွားလုပ်ငန်းများ အောင်မြင်မှုရရန်မှာ ခရီးသည်များများ ဝင်ရောက်လာစေရေးအတွက် ဆွဲဆောင်နိုင်ဖို့ လိုအပ်သည်။ ခရီးသည်အများအပြား ဝင်ရောက်လာသည်နှင့်အမျှ တစ်ဖက်တွင်လည်း ဒေသခံတို့ဘက်မှ ပေးဆပ်ရသည်များ၊ တိုက်စားခံလိုက်ရသည်များလည်း ရှိသည်မှာ ဤလုပ်ငန်း၏ သဘာဝပင်ဖြစ်သည်။ ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်းများ အောင်မြင်အောင် ဖော်ဆောင်ရင်း တစ်ဖက်တွင်လည်း မိမိတို့နေထိုင်ရာ ရပ်ရွာဒေသများ၏ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင် များ ထိခိုက်ပျက်စီးမှုများ မရှိစေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရေး တို့ကိုပါ ပိုမိုမြှင့်တင် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။ ။

 

မြန်မာ့အလင်း