ပေကျင်း အောက်တိုဘာ ၁၇
တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းအပေါ် ရုရှားနိုင်ငံက ထောက်ပံ့ပေးနေခြင်းကို တရုတ် နိုင်ငံက အသိအမှတ်ပြုကြောင်း နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလတ် ဗရော့စ် နှင့် ပေကျင်းတွင် အောက်တိုဘာ ၁၆ ရက်က တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
တရုတ်ဗဟိုကော်မတီ နိုင်ငံရေးဗျူရို၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ဝမ်က တရုတ်နိုင်ငံရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအပေါ် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ထောက်ပံ့မှုကို တန်ဖိုးထားကြောင်း ထပ်လောင်းပြောကြားသည် ။
ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းသည် ဥရောပတိုက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရုရှားနိုင်ငံ၏အမြင်နှင့် အပြည့်အဝကိုက်ညီပြီး ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတွင် ပါဝင်သည့် နိုင်ငံများအားလုံးသည် အပြန် အလှန် အကျိုးကျေးဇူးရရှိလိမ့်မည်ဟု ပူတင်က မှတ်ချက်ပြုပြောကြားခဲ့သည်။ ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းသည် နိုင်ငံအားလုံးအတွက် ပူးပေါင်းဆောင်ရွက်ရေး စင်္ကြံ ဖြစ်လာကြောင်း လတ်ဗရော့စ် က ပြောကြားသည်။ ထို့ပြင် တွေ့ဆုံမှုအတွင်း အစ္စရေး- ပါလက်စတိုင်း ပဋိပက္ခနှင့်ပတ်သက်၍ နှစ်ဖက် အမြင်ချင်းဖလှယ်ခဲ့ရာတွင် တရုတ်နိုင်ငံသည် ဒေသခံပြည်သူများထိခိုက်မည့် အရေးနှင့် နိုင်ငံတကာဥပဒေကို ဆန့်ကျင်သည့် လုပ်ရပ်များကို ဆန့်ကျင်ကြောင်း ဝမ်ယိက ထပ်လောင်း ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်စဲရန်နှင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးရေးဆိုင်ရာ စင်္ကြံများလုပ်ငန်းဆောင်ရွက်နိုင်ရေးသည် အရေးကြီးကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား - စီဂျီတီအင်န်၊ ဘာသာပြန် - စိုးသူရ