နေပြည်တော်  ၁၀  ဒီဇင်ဘာ

 

သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဉီးစီးဌာန အမျိုးသား စာကြည့်တိုက် (နေပြည်တော်)တွင် ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ “ရသစုံလင် စာဥယျာဉ် ကလေးစာကြည့်တိုက်အစီအစဉ်နှင့် အမှတ်တရ ဈေးရောင်းပွဲတော်”ကို နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီအထိ ကျင်းပမည်ဖြစ်သည်။

 

အဆိုပါ ပွဲတော်တွင် ကာတွန်းပညာရှင်များက အမှတ်တရကာတွန်းရေးဆွဲပေးခြင်း၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်)မှ စာကြည့်တိုက်မှူးများက စာဖတ်ပြခြင်း၊ ရောင်စုံစက္ကူများဖြင့် ဖန်တီးခြင်း၊ ဂျုံရုပ်ပညာရှင်များ၏ လက်မှုပညာ ဖန်တီးခြင်း၊ ပျော်ရွှင်စရာ ပဟေဠိအစီအစဉ်များ၊ ကလေးစာကြည့်တိုက်လှုပ်ရှားမှု အစီအစဉ်များ၊ အမှတ်တရ ဓာတ်ပုံရိုက်ကူးရန် နေရာများအပြင် အထူးအစီအစဉ်အနေဖြင့် အနုပညာ ဦးစီးဌာနမှ ပညာရှင်များက မြန်မာ့ရုပ်သေးပွဲကို ပွဲတော်ကာလအတွင်း နေ့စဉ် နံနက် ၁၁ နာရီမှ မွန်းတည့် ၁၂ နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ တစ်ကြိမ် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။

 

ထို့အပြင် အမှတ်တရဈေးရောင်းပွဲတော်တွင်လည်း စာအုပ်ဆိုင်များ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊ အစားအသောက်ဆိုင်များ ပါဝင်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသည့် မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။

 

သတင်းစဉ်