နေပြည်တော် ၂၀ ဒီဇင်ဘာ

 

ကလေးများ ဘက်စုံစွမ်းရည်မြင့်မားတိုးတက်စေပြီး အသိပညာဗဟုသုတ ရှာဖွေသူ ပြည်သူလူထုအား အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အမျိုးသားစာကြည့် တိုက်(နေပြည်တော်)၌ ၂၀-၁၂-၂၀၁၉ ရက်နေ့တွင် ရသစုံလင်စာဥယျာဉ် ကလေးစာကြည့်တိုက် အစီအစဉ်နှင့် အမှတ်တရ ဈေးရောင်းပွဲတော်ကို ကျင်းပပြုလုပ်လျက်ရှိသည်။

 

အဆိုပါအစီအစဉ်သို့ နေပြည်တော်ရှိ အထက(၆)၊ ခေါင်းလောင်းသံမူကြိုကျောင်း၊ ရင်သွေး ပျိုးခင်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ၊ နေပြည်တော်ဝန်းကျင်ရှိ ဝန်ထမ်း မိသားစုများ လာရောက်ခဲ့ကြသည်။

 

mdn

 

အစီအစဉ်တွင် အမျိုးသားစာကြည့်တိုက်ရှိ စာကြည့်တိုက်မှူးများက စာဖတ်ပြခြင်း၊ ဝါရင့် ကာတွန်းပညာရှင် ဆရာကြီးများ၊ ကာတွန်းပညာရှင်များက အမှတ်တရကာတွန်းများ ရေးဆွဲ ပေးခြင်း၊ ကလေးများဆေးရောင်ခြယ်ခြင်း၊ ပုံပြင်ပြောခြင်း၊ ပျော်ရွှင်ဖွယ်ဂိမ်းများ ကစားခြင်း၊ ဉာဏ်စမ်းများဖြေဆိုခြင်းနှင့် လက်မှုပညာအစီအစဉ်များ ဆောင်ရွက်ပေးခဲ့သည်။

 

mdn

 

အထူး အစီအစဉ်တစ်ရပ်အနေဖြင့် အနုပညာဦးစီးဌာနမှ အနုပညာရှင်များက မြန်မာ့ရုပ်သေးအစီအစဉ်ကို နံနက် ၁၁ နာရီမှ ၁၂ နာရီထိ တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တစ်ကြိမ် ဖျော်ဖြေတင်ဆက်ခဲ့သည်။

 

mdn

 

ထို့ပြင် အမှတ်တရဈေးရောင်းပွဲတော်တွင် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနထုတ်စာအုပ်များ၊ ရာပြည့်စာပေ၊ သော်တာစန်းစာပေ၊ အဖေကျော်စာပေ၊ အဓိပတိစာပေ၊ ဘညိုစာပေ၊ ဆုပြည့်စုံထွန်းစာပေတို့မှ စာအုပ်အရောင်းဆိုင်များ၊ အစားသောက်ရောင်းချသည့်ဆိုင်များ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များ ပါဝင်သည်။

 

mdn

 

ရသစုံလင်စာဥယျာဉ် ကလေးစာကြည့်တိုက် လှုပ်ရှားမှုအစီအစဉ်နှင့် အမှတ်တရဈေးရောင်း ပွဲတော်ကို ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ထိ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ မည်သူမဆို အခမဲ့ လာရောက်လေ့လာပါဝင်ဆင်နွှဲနိုင်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်