ရသေ့တောင် ဇူလိုင် ၁၇
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် အထောက်အကူပြု လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ဇူလိုင် ၁၆ ရက် နေ့လယ်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် လုပ်ငန်းသုံး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ရပ်ကွက်/ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်းများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေးအပ်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အသီးသီးလက်ခံရယူခဲ့ကြသည်။
ရသေ့တောင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉၁) အုပ်စုသို့ Hand gel (၁၃၅) ဘူး၊ Mask (၇၀) ဘူး၊ Hand Speaker (၇၉) ခုနှင့် Medical Infrared thermometer (၅၆) ခု တို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အောင်စံထွန်း (ပြန်/ဆက်)


