နေပြည်တော် ၅ အောက်တိုဘာ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ထီးဆွဲကျေးရွာအနီး ကျေးရွာလူထုအား အကာအကွယ်ရယူ၍ လမ်းပန်းဆက်သွယ်မှု လုံခြုံရေးအား ဖြတ်တောက်ခြိမ်းခြောက်နေသော AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ ခြေကုပ်စခန်းအား သိမ်းပိုက်ရရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ရသေ့တောင်-ဘူးသီးတောင် ဆက်သွယ်ထားသည့် ကားလမ်းနှင့် စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် ရေလမ်းကြောင်းတို့၏ လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံရေးကို ရသေ့တောင်မြို့နယ် ထီးဆွဲကျေးရွာအနီး စိုးမိုးတောင်ကုန်းနေရာများ၌ အခိုင်အမာ နေရာယူ၍ လမ်းပန်းဆက်သွယ်မှု ဖြတ်တောက်ခြင်း၊ ရေယာဉ်များအား မကြာခဏပစ်ခတ်ခြင်း ဖြင့် ခြိမ်းခြောက်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ အောက်တိုဘာ ၄ ရက် နံနက် ၂ နာရီခန့်တွင် အပြီးတိုင် သိမ်းပိုက်ရရှိခဲ့ကြောင်း။
ဖြစ်စဉ်မှာ AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင် ဆက်သွယ်ထားသည့် လမ်းကြောင်းကို ရသေ့တောင်မြို့နယ် ထီးဆွဲကျေးရွာအနီး စိုးမိုး တောင်ကုန်းနေရာများ၌ အခိုင်အမာနေရာယူ၍ အရပ်သားများအသွင်ဖြင့် အယောင်ဆောင်ကာ အလစ်အငိုက် ချောင်းမြောင်း တိုက်ခိုက်ခြင်း၊ ကျေးရွာသားများအား လူသားတံတိုင်းအဖြစ် အသုံးပြု၍ တိုက်ခိုက်ခြင်း၊ ဒေသတွင်း အေးချမ်းစွာ နေထိုင်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ဒေသခံပြည်သူများအား မကြာခဏ ချောင်းမြောင်း သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များအပြင် ရေလမ်းကြောင်းကိုလည်း ဖြတ်တောက်ပိတ်ဆို့ ပစ်ခတ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလအတွင်း၌ ရေယာဉ်များအား ဖြတ်တောက် ပိတ်ဆို့ ပစ်ခတ်မှု ၆ ကြိမ်ရှိပြီဖြစ်သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန်လမှစ၍ လမ်းကြောင်း လုံခြုံမှု ရှိစေရေး လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ရာသီဥတုဆိုးရွားပြီး မိုးတွင်းကာလဖြစ်သဖြင့် လှုပ်ရှားသွားလာရန် အခက်အခဲများကြားမှ အောက်တိုဘာ ၄ ရက် နံနက် ၂ နာရီခန့်တွင် ၎င်းတို့နေရာ ယူထားသည့် နေရာများကို သိမ်းပိုက်ရရှိခဲ့ကြောင်း။
ဖြစ်စဉ်များတွင် AA အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း၊ လက်နက်နှင့် ဆက်စပ် ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် နယ်မြေဒေသလုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှုလုံခြုံစေရေး နယ်မြေစိုးမိုးရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
(သတင်းစဉ်)


