နေပြည်တော် ၉  သြဂုတ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် တံခွန်တိုင်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံသာကျော် (ဘ)ဦးစောထွန်းသာ၏ နေအိမ်အား သတင်းအရ လျှပ်တစ်ပြက်ဝင်ရောက်ရှာဖွေရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်း ၅ သိန်းခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅ ဘီလီယံခန့်)၊ ကြိုးဆွဲလက်ပစ်ဗုံး ၃၆ လုံး၊ အိုင်ကွန် ၅၂ လုံး၊ မိုင်းပြုလုပ်ရန်အသုံးပြုသည့် ကွန်ကြူပိုက် ၂၃ ချောင်း၊ ဘောစေ့များရောနှောထားသော ယမ်းထုပ်တစ်ပိဿာခန့်နှစ်ထုပ်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

ဦးစံသာကျော်နှင့် မိသားစုငါးဦးတို့မှာ ဩဂုတ် ၃ ရက် တပ်မတော်စစ်ကြောင်းများက ရသေ့တောင်မြို့နယ်အတွင်းရှိ ခြေရာတော်ဘုရား ပရိဝုဏ်နေရာတစ်ဝိုက် AA အဖွဲ့၏ လေ့ကျင့်ရေးစခန်းအား သိမ်းပိုက်သည့်အချိန်နှင့် တစ်ပြိုင်တည်းနီးပါး နေရာဖော်ထုတ်ဆဲသို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရပြီး သက်ဆိုင်ရာက ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါကျေးရွာသည် AA အဖွဲ့ဝင်များ အရပ်ဝတ်များဖြင့် မကြာခဏခိုလှုံနေကြောင်း သတင်းရရှိသည့် နေရာဖြစ်သည့်အပြင် ၎င်းကျေးရွာအုပ်ချုပ်ရေးမှူးမှာလည်း AA အဖွဲ့၏ မြေပေါ်အမာခံတစ်ဦးဖြစ်ပြီး တပ်မတော်စစ်ကြောင်းများအား အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်နေသူတစ်ဦးဖြစ်ကြောင်း စုံစမ်းဖော်ထုတ်ရရှိသည်။

၎င်းကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိမ်းဆည်းရမိသည့် ငွေကျပ် ၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါး ၂ ဒသမ ၅ သန်းခန့်မှာလည်း AA အဖွဲ့၏ လက်နက်/ခဲယမ်းနှင့် ရိက္ခာများဝယ်ယူရေးအတွက် ငွေကြေးရှာဖွေရန် AA အဖွဲ့က ပေးပို့ထားခြင်းဖြစ်ကြောင်းနှင့် အခြားသိမ်းဆည်းရမိသည့် ကြိုးဆွဲလက်ပစ်ဗုံး ၃၆ လုံး၊ အိုင်ကွန် ၅၂ လုံး(အသစ်)တို့မှာလည်း AA အဖွဲ့အတွက် လိုအပ်ချိန်တွင် ထုတ်ယူသုံးစွဲနိုင်ရေး ထိန်းသိမ်းထားရှိသည့် ပစ္စည်းများဖြစ်ကြောင်း ဖော်ထုတ်ရရှိသည်။

တပ်မတော်စစ်ကြောင်းများက လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ထပ်မံသိုဝှက်ထားနိုင်မည့်နေရာများအား ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

သတင်းစဉ်