ရသေ့တောင် နိုဝင်ဘာ ၈
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ ဒေသထွက် ဝဥဈေးကွက် ရောင်းအားကျဆင်းလာမှုကြောင့် မိသားစုဝင်ငွေနည်းပါးလျက်ရှိကြောင်း ဝဥရောင်းဝယ်သူ ဒေသခံပြည်သူများထံမှ သိရသည်။၊
“ ကျွန်တော်တို့ ဒီဝဥတွေကို အနီးပတ်ဝန်းကျင် ကျေးရွာတွေကနေ တစ်ပိဿာကို ငွေကျပ် ၆၀ဝ နဲ့ လိုက်ဝယ်ပြီး တစ်ပိဿာကိုငွေကျပ် ၈၀ဝ နှုန်းနဲ့ ပြန်ရောင်းရပါတယ်။ အရင်က တစ်လကို ပိဿာ ၄၅၀၀ လောက်ပြန် ရောင်းရတယ်၊ ဝဥဈေးကွက်ကလည်းကောင်းတော့ အဆင်ပြေတယ်။ အခုက ဈေးကွက်ကလည်း လည်ပတ်မှုမရှိ၊ ဈေးတွေက လည်းကျနေတော့ အဆင်မပြေဘူး ဝဥရောင်းဝယ်တာတွေကို တောင်ရပ်နားထားရပါတယ်။ ဒီမှာရှိတဲ့ လက်လုပ်လက်စား မိသားစုတွေအနေနဲ့ကလည်း တစ်နေ့ကို ဝဥပိဿာ ၄၀ လောက်ရောင်း ရရင် တောင်သူတို့အတွက် အဆင်ပြေတယ်၊ ယခုလို ရောင်းအားဈေးနှုန်းက လည်းကျဆင်း၊ ရောင်းဝယ်မှုကလည်း ရပ်ထားတာကြောင့် ဒေသခံပြည်သူမိသားစုတွေအနေနဲ့ ဝင်ငွေနည်းပါးလျက်ရှိတယ်လို့ ” ဝဥအရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်နေသည့် ဦးနိုင်နိုင်က ပြောသည်။
“ ကျွန်မတို့မှာမိသားစုသုံးယောက်ရှိတယ်၊ သုံယောက်စလုံး ဝဥတူးဖော်ပြီးရောင်းတယ်။ တစ်ရက်ကို တစ်ယောက် ဝဥ ၁၅ ပိဿာလောက်ရတယ်၊ ပျမ်းမျှကတော့ ပိဿာ ၄၀ လောက်ရတော့ တစ်ပိဿာ ၆၀၀ ဆိုရင် ငွေကျပ် ၂၄၀၀၀ လောက်ဝင်ငွေရရှိပါတယ်။ ယခုလိုဝဥဈေးတွေလည်းမကောင်း၊ ရောင်းလည်းမရောင်းရဘူးဆိုတော့ ကျမတို့လိုမိသားစုတွေအနေနဲ့ စားဝတ်နေရေးအတွက် ဝင်ငွေနည်းပါးသွားပါတယ်လို့ ” ဝဥတူးဖော်ရောင်း နေသည့် ဒေါ်နုမေစိန်က ပြောသည်။
အဆိုပါ ဝဥများကို ရသေ့တောင်မြို့နယ်အတွင်းရှိ မေယုတောင်တန်းနှင့်အခြားတောင်တန်းများမှ တူးဖော် ရရှိပြီး ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ကျေးရွာ အဝယ်ဒိုင်မှတစ်ဆင့် အနယ်နယ်အရပ်ရပ် ရောင်းဝယ်ရေး ကိုယ်စားလှယ်များထံမှ ကုန်ကြမ်းဝယ်ယူပြီး အခြောက်လှန်း ကုန်ချော့ပြုလုပ်ကာ မန္တလေးမြို့ ဈေးကွက်သို့ တိုက်ရိုက်တင်ပို့ ရောင်းချလျက်ရှိပြီး မန္တလေးမြို့မှတစ်ဆင့် တရုတ်ပြည်သို့ ဆက်လက်တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။
အောင်စံထွန်း (ပြန်/ဆက်)


