ရသေ့တောင် အောက်တိုဘာ ၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၌ အများပြည်သူ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် စာအုပ်စာပေများကို လေ့လာဖတ်ရှုသည့် အလေ့အထများရရှိစေရေး ရည်ရွယ်ပြီး မြို့နယ်လုံးဆိုင်ရာ ကိုယ်စားပြု ပြည်သူ့စာကြည့်တိုက် ဖြစ်မြောက်ရေးအတွက် စာကြည့်တိုက်ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ၉ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ရသေ့တောင်မြို့ ပြည်သူ့စာကြည့်တိုက် ဖြစ်မြောက်ရေးနာယက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်က စာကြည့်တိုက်ဆောက်လုပ်ရန် ရန်ပုံငွေရရှိရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ရှေးလုပ်ငန်းစဉ် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဆပ်ကော်မတီများမှ စာကြည့်တိုက်ဖြစ်မြောက်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးဆွေးနွေး တင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ရသေ့တောင်မြို့နယ်ကိုယ်စားပြု မြို့နယ်လုံးဆိုင်ရာ ပြည်သူ့စာကြည့်တိုက် ဖြစ်မြောက်ရေးအတွက် ဆပ်ကော်မတီများအား စက်တင်ဘာ ၂၉ ရက်တွင် ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် စာကြည့်တိုက် ဆောက်လုပ်ရန် မြေနေရာရရှိထားပြီး အဆောက်အဦ ဆောက်လုပ်ရေးနှင့် စာအုပ်စာစောင်၊ ပရိဘောဂများအတွက် ရန်ပုံငွေများ ရရှိနိုင်ရေး နှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်စံထွန်း( ပြန်/ဆက်)