ရသေ့တောင်မြို့နယ်၌ ရေသန့်စင်ကားများဖြင့် ရေသန့် ဂါလန် ၁၅၀၀၀ နီးပါး ဖြန့်ဝေပေး

ရသေ့တောင်   ဇွန်  ၉

 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း သောက်သုံးရေအခက်အခဲဖြစ်နေသော မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများနှင့် အချို့သောနေရာများသို့ သောက်သုံးရေများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ရေသန့်စင်ကားများဖြင့် လိုက်လံဖြန့်ဝေပေးလျက်ရှိရာ  ဇွန် ၈ ရက်တွင် ရေဂါလန် ၁၄၆၅၀ ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးတင်မောင်ဦး(လက်ထောက်ညွှန်ကြားရေးမှူး၊ နည်းပညာ) နှင့် တာဝန်ရှိသူများက ရသေ့တောင်မြို့ပေါ် အရှေ့တောင်ရပ်ကွက်၊ တောင်ရင်းတန်းရပ်ကွက်၊ ကိန်းသာ ဘုန်းတော်ကြီးကျောင်း ယာယီနေရပ်စွန့်ခွာစခန်း၊ စေတီတောင်အနောက် ယာယီနေရပ်စွန့်ခွာစခန်းတို့ရှိ အိမ်ခြေ ၉၅၅ အိမ်၊ လူဦးရေ ၁၀၃၂၀ တို့အတွက် ရေဂါလန် ၁၄၆၅၀ ကို ရေသန့်စင်ကားများဖြင့် စနစ်တကျလိုက်လံဖြန့်ဝေ ပေးကြောင်း သိရသည်။                                                       

အောင်လှဖြူ(ရမ်းဗြဲ)