ရသေ့တောင် စက်တင်ဘာ ၁၃
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများတွင် နေရပ်စွန့်ခွာခိုလှုံနေ ကြသည့် အသက်(၄၅)နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ကျေးရွာများတွင်နေထိုင်ကြသည် ပြည်သူ များအား ပထမအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sin0vac)အား စက်တင်ဘာ ၉ ရက်နေ့မှစ၍ သတ်မှတ်စုရပ်အသီးသီးတွင် စတင်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးမီ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်း၊ အောက်ဆီဂျင်တိုင်းခြင်း စသည့် ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများပြုလုပ်ပြီး ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသည့် သက်ကြီးရွယ်အို များအား ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ရသေ့တောင်မြို့နယ်ရှိ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများတွင် အနယ်နယ်အရပ်ရပ်မှ နေရပ်စွန့်ခွာ ခိုလှုံနေကြသည့် အသက်(၄၅)နှစ်နှင့်အထက် ဒေသခံပြည်သူ(၂၁၉၉)ဦးနှင့် ကျေးရွာများတွင်နေထိုင်ကြသည့် ပြည်သူ(၂၁၄)ဦး စုစုပေါင်း(၂၄၁၃)ဦးတို့အား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ကျန်ရှိသည့်ပြည်သူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်စံထွန်း(ပြန်/ဆက်)


