ရသေ့တောင် ဇူလိုင် ၂၃

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူ နေသည့် လူနာများအတွက် အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရေးနှင့် လုံလောက်စွာ ရရှိနိုင်ရေးအတွက် အောက်ဆီဂျင်ထုတ်စက်ရုံတစ်ရုံ တည်ဆောက်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေးအတွက်  ဦးဦးသန်းနိုင် (လွှတ်တော် ကိုယ်စား လှယ်ဟောင်း) မိသားစုက ငွေကျပ်သိန်း ၁၀၀ မတည်ကာ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင်ပြည်သူများက အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေးအတွက်  အလှူငွေများ ထည့်ဝင်လှူဒါန်းလျက်ရှိသည်။

ရသေ့တောင်မြို့နယ်သည် ရေလမ်းခရီးကိုသာ အားကိုးနေရသည့် မြို့နယ်တစ်ခုဖြစ်၍ အရေးပေါ်လူနာများအတွက ်လိုအပ်သော အောက်ဆီဂျင်ကို အချိန်မီပေးနိုင်ရေးနှင့် အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် စီစဉ် ရခြင်း ဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီကို အဖွဲ့ဝင် ၂၃ ဦးဖြင့်  စတင်ဖွဲ့စည်းခဲ့ပြီး စေတနာရှင်ပြည်သူများက ဇူလိုင် ၂၂ ရက်အထိ  ထည့်ဝင်လှူဒါန်းငွေကျပ် သိန်း ၆၀၀ ဝန်းကျင် ရရှိပြီဖြစ်ကြောင်း သိရသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် လက်ရှိအောက်ဆီဂျင်ရရှိမှုမှာ ၄၀ လီတာအိုး ၁၈ လုံး၊ 5L အောက်ဆီဂျင် Concentrator ခြောက်လုံး စုစုပေါင်း ၂၄ လုံး ရှိသည့်အနက် ၄၀ လီတာအိုး ၄ လုံးနှင့် 5L အောက်ဆီဂျင် Concetrator လေးလုံးတို့အား သုံးစွဲခဲ့ပြီး  အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးပါက တစ်နေ့ကို ၄၀ လီတာအိုးအလုံး ၃၀ မှ ၅၀ လုံးထိ ထုတ်လုပ်နိုင်မည်ဖြစ်‌ကာ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန်အတွက် စက်နှင့် အဆောက်အုံအပါအဝင် ကုန်ကျမည့်ငွေမှာ ကျပ်သိန်း ၁၂၀၀ ဝန်းကျင် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

အောင်စံထွန်း