ကျောက်ဆည် ၄ စက်တင်ဘာ


ကျောက်ဆည်မြို့သည် မြန်မာနိုင်ငံတွင် ဆင်မြို့တော်အဖြစ်ထင်ရှားသည်။ ကျောက်ဆည်မြို့ရှိ ဆင်အဖွဲ့များသည် လှပသေသပ်သော ကကွက်များ ရင်သပ်ရှုမောဖွယ် ကကွက်များဖြင့် ပရိသတ်ကို စွဲဆောင်နိုင်သည်။ ပြိုင်ပွဲဝင်ဆင်များ အလှပြဆင်များသည် ဆင်ပွဲနေ့တွင် ဆင်၏ဦးခေါင်းကို နှိမ့်ကာနှိမ့်ကာဖြင့်  သာလျောင်း စေတီတော်မြတ်ကြီးအား  ဦးတိုက်လေ့ရှိကြသည်။ ထို့နောက် မြူးကြွသည့် နတ်ဒိုးအကဖြင့် ဆင်နိုင်ဘုရင် ဥတေနမင်းနှင့် ရွာတော်ရင်နတ်များကို ပူဇော်ပသကာ ပြိုင်ပွဲဝင်လေ့ရှိသည်။


ကျောက်ဆည် ဆင်အက ကကွက်ဟန်မှာ ယဉ်ကျေးပြီးထူးခြားသည်။ ဆင်ဖြင့် ကကွက်ဖော်ကာ ကပြသော မင်းသားအက၊ မင်းသမီးအက၊ ယိမ်းအက၊ အပျိုတော်အက၊ ဘီလူးအက၊ မျောက်အက၊ ကိုကြီးကျော်အက၊ ပတပ်ရပ်အက၊ ဂျွမ်းစိုက် (ကင်းမြီးကောက်ထောင်) အက၊ ကလပ်အကတို့သည် ပရိသတ်ကိုမရိုးအောင် စွဲဆောင်လေ့ရှိသည်။ ထိုအကများနှင့် အတူပြိုင်ပွဲဝင်အကဖြစ်သည့်   ဆင်ကြမ်းနှင့်လူစွမ်းတို့ ယှဉ်ပြိုင်ကြသည့် ဆင်ကြိမ်းသရုပ်ဖော် ကကွက်မှာ ထင်ရှားပြီးရင်သပ် ရှုမောဖြစ်စေသည့် ကကွက်ပင်ဖြစ်သည်။


ပြိုင်ပွဲဝင်ဆင်အဖွဲ့တွင် ပါဝင်သည့် အဖွဲ့အားလုံးသည် ရိုးရာသဘာဝအလှအပများ ယဉ်ကျေးမှု အဝတ်အစားများကို ဝတ်ဆင်ကာ မြန်မာ့ရိုးရာ တူရိယာဖြစ်သည့် ဒိုး၊ နှဲ၊ လင်းကွင်း၊ မောင်း၊ ဝါးလက်ခုပ်၊ စုံလင်စွာဖြင့် စည်းလုံးညီညွတ်စွာ သာယာနာပျော်ဖွယ် တီးမှုတ်ကပြကြသည်။ ပြိုင်ပွဲဝင် ဆင်အက ကရာတွင် စားတော်တိုက် အကဖြင့် စတင်ကြသည်။ ဆင်အကမြူးကြွသလိုဆင် ထိန်းကလည်း ကန်တော့ပွဲကို အထက်သို့ မြှောက်ချီကာ ဆိုင်ရာပိုင်ရာ ပူဇော်ပသသည့် အကဖြင့်စတင်ပြိုင်ပွဲဝင်ကြသည်။ ပြိုင်ပွဲဝင် စားတော်တိုက်ရင်းမှ ဆင်သည် မုန်ရစ်ကာ အလွန်ကြမ်းတမ်းတော့မည့်အသွင်ဖြင့် ဆင်ကြိမ်းအက ခပ်ကြမ်းဖြင့် ကပြကြသည်။ ဆင်ထိန်းက လည်း ချွန်း၊လှံ တို့ဖြင့် ကိုင်တွယ်ကာ လေးခင်းအက ခပ်ကြမ်းကြမ်းကို ကပြကြသည်။


ဆင်ကရန်မူ၊ ဆင်ထိန်းကဖမ်း၊ ကြမ်းနေသောကကွက်သည် လှိမ့်ကာ၊ ဂျွမ်းပစ်ကာဖြင့်  ဟန်ပါပါ ခပ်ကြမ်းကြမ်း ကကြသည်။ နောက်ဆုံးတွင် လူစွမ်းကိုဆင်ကြမ်းက အရှုံးပေးကာ ခန္ဓာကိုယ် မှာယိုင်လဲပြီး ဦးခေါင်းထိုးစိုက်သွားဟန် ကပြကြသည်။ ဆင်ရိုင်းဦးခေါင်းထိုးစိုက်ကျချိန် ဆင်ထိန်းက ချွန်းဖြင့်ခုန်ပျံ လွှားတက်ကာ ဆင်ဦးကင်းကို ချွန်းဖြင့်ထိုးစိုက်ကာ ဖမ်းဆီးလိုက်သည့်ဟန်ဖြင့် မာန်ပါပါကပြကြရသည်။ ဆင်ရိုင်းကို အနိုင်ရသည့်အချိန်တွင် မြူးကြွသည့် တေးသံ၊ ဆင်အရိုင်းအကဖြင့် ကပြကြသည်။ ပြိုင်ပွဲဝင်ဆင်များ ကကွက်ကဟန် မတူဘဲ ဇာတ်လမ်းဇာတ်ကွက် အမျိုးမျိုးကိုဆင်ကာ ကပြသည့်အတွက် တစ်နှစ်နှင့်တစ်နှစ် မရိုးဘဲ စွဲဆောင်မှုကောင်းကာ ထင်ရှားသောအကဖြင့် ယနေ့တိုင်တည်ရှိနေသည်။ ယခုအခါ ကျောက်ဆည်မြို့ ဆင်ပွဲနီးနေသည့်အတွက် ပြိုင်ပွဲဝင် ဆင်ကြိမ်းအကကို  လေ့ကျင့်လျှက်ရှိကြောင်း မြို့ခံတစ်ဦးမှ ပြောပြ၍ သိရသည်။


နွေနဒီ (မြစ်ငယ်)

 

1