တောင်ကြီး ၃၁ ဇန်နဝါရီ  

 

ရှမ်းပြည်နယ်၏ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာနှစ်၊ ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ စာစောင် (Citizen's Budget) မိတ်ဆက်ရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်းက တောင်ကြီးမြို့၊ Tauinggyi City Hotel ၌ ကျင်းပကြောင်း သိရသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အစိုးရအနေဖြင့် အစိုးရ၏ လုပ်ငန်း တာဝန်များ၊ ရငွေနှင့်အသုံးစရိတ်များကို ပြည်သူလူထုပိုမိုသိရှိနားလည်စေရန် တာဝန်ယူ၊ တာဝန်ခံမှုရှိသည့် အစိုးရစနစ်တစ်ရပ် ဖြစ်စေရန်စသည့် အကျိုးရလဒ်များ ဖြစ်ထွန်းစေရေးကိုရှေးရှုပြီး ပြည်နယ်၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက် များစာစောင် (Citizen's Budget)ကို ထုတ်ဝေရခြင်းဖြစ်ကြောင်း၊ 

 

၂၀၁၈- ၂၀၁၉ ခုနှစ်အတွက် ပြည်နယ်ရသုံးခန့်မှန်းခြေ ငွေစာရင်းစာစောင်ကို ထုတ်ဝေနိုင်ခြင်းသည် ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု၊ အစိုးရလုပ်ငန်းများတွင် ပြည်သူလူထုကို ပါဝင်စေလိုမှုစသည့် အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းအောင်မြင်လာအောင် ပြည်နယ်အစိုးရက ဆောင်ရွက်လျက်ရှိနေသည်ကို ဖော်ညွှန်းခြင်းဖြစ်ကြောင်း၊ ပြည်နယ်၏ ပြည်သူ့ဘဏ္ဍာရေးစနစ် ပိုမိုခိုင်မာအားကောင်းလာရေး၊ ပြည်သူ့ထံမှ ဖြစ်တည်သော ပြည်သူ့အတွက် ဖြစ်သော ပြည်နယ်ဘတ်ဂျက်ဖြစ်ရေး၊ ပွင့်လင်းမြင်သာမှုပိုမိုခိုင်မာအားကောင်းပြီး ပြည်သူများပါဝင်နိုင်စွမ်းရှိသော၊ ပါဝင်နိုင်ခွင့်ရှိသော မူဝါဒရေးဆွဲမှုများ၊ အစိုးရအသုံးစရိတ်သုံးစွဲမှုများ ဖြစ်စေရေးတို့အတွက် အားထုတ်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တွင် အတူတကွပူးပေါင်းဆောင်ရွက်နိုင်ကြရန် အမှာစကား၌ ပြောကြားသွားသည်။

 

ဆက်လက်၍ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ Renaissance Institute မှ ဥက္ကဌ ဦးမျိုးမြင့် တို့က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားကြပြီး အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။

 

မောင်မောင်သန်း (တောင်ကြီး) 
 

mdn