ရန်ကုန် ဇူလိုင် ၈

 

ရထားစီးခရီးသည်များအနေဖြင့် ရထားပေါ်တွင် သန့်ရှင်းရေးနှင့် စည်းကမ်းကို အလေးထား လိုက်နာပေးကြရန် မြန်မာ့ မီးရထားက မေတ္တာရပ်ခံ အသိပေးထားကြောင်း သိရသည်။

 

ပြည်သူများ သက်သောင့် သက်သာ ဘေးကင်းလုံခြုံပြီး စျေးနှုန်းသင့်တင့်စွာ သွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားက အဆင့်မြင့်ရထား တွဲဆိုင်းအသစ်များဖြင့် ခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိကြောင်း၊ သို့ရာတွင်  စည်းကမ်းလိုက်နာခြင်းမရှိသည့် ခရီးသည်တချို့ကြောင့် အခြား ခရီးသည်များ စိတ်အနှောင့်အယှက်နှင့် ကြုံတွေ့ရမှုများလည်း ရှိကြောင်း   ခရီးသည်များက မှတ်ချက်ပြုထားကြသည်။

 

ခရီးစဉ်တစ်လျှောက် သန့်ရှင်း၊ သပ်ရပ်ပြီး အခြားခရီးသည်များအတွက် အနှောင့်အယှက် မဖြစ်စေရန်နှင့် ရထားအတွင်း သန့်ရှင်းမှုကို ထိန်းသိမ်းရန် ကွမ်းတံတွေးထွေးခြင်းကို ရှောင်ကြဉ်ပေးပါရန်၊ ထိုင်ခုံပေါ်တွင် ခြေထောက်တင်ခြင်း မပြုပါရန်၊ အခြားခရီးသည်များ သန့်ရှင်းစွာအသုံးပြုနိုင်ရန် ထိုင်ခုံများကို စနစ်တကျအသုံးပြုပေးပါရန်လည်း ပါရှိသည်။ အလားတူ ဆူညံသံဖြင့် အနှောင့်အယှက် မဖြစ်စေရန် ဖုန်းပြောဆိုခြင်း၊ သီချင်းဖွင့်ခြင်းနှင့် စကားပြောဆိုခြင်းများကို အခြားသူများ မထိခိုက်စေရန် ထိန်းသိမ်းပေးပါရန်၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ပေးပါရန်၊ အမှိုက်များကို ရထားအတွင်း မချဘဲ သတ်မှတ်ထားသော နေရာများတွင်သာ စွန့်ပစ်ပေး၍ သန့်ရှင်းသောခရီးစဉ်လေးဖြစ်စေရန် အားလုံး ပူးပေါင်းပါဝင်ကြရန် မြန်မာ့မီးရထားက အသိပေးထားသည်။

 

ထိုကဲ့သို့ မြန်မာ့မီးရထားမှ စည်းကမ်းချက်များ ထုတ်ပြန်လိုက်သည့်အပေါ် “စည်းကမ်းလိုက်နာ ခြင်းရှိ/မရှိ ထိရောက်စွာ စောင့်ကြည့် စည်းကြပ်သင့်ပါတယ်”၊ “ဒဏ်ငွေနဲ့လုပ်တာက ပိုပြီးထိရောက်မှု ရှိလိမ့်မယ်”၊ “ရှောင်တခင် ဝင်ဝင်စစ်ပေးပါ၊ ပြီးရင် ရထားပေါ် အသိပေးပေးပါ” ဟူ၍လည်း ခရီးသည်များက မှတ်ချက်ပြုထားကြသည်။

 

MT