ရန်ကုန် ၂ ဒီဇင်ဘာ
ရန်ကုန်မြို့ အများပြည်သူသယ်ယူပို့ဆောင်ရေး ဘတ်(စ်)ကားဝန်ဆောင်မှု အဆင့်မြှင့်တင်သည့် စီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်သော ရထားနှင့်ဘတ်(စ်)ကားချိတ်ဆက်မှုကောင်းမွန်စေရန် ပြုလုပ်သည့် အသေးစား စီမံကိန်းတစ်ရပ်ကို ယနေ့ နံနက် ၈ နာရီမှစတင်၍ သမိုင်းဘူတာရုံ/ မှတ်တိုင်(ဗဟိုလမ်း)တွင် စတင် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ အသေးစားစီမံကိန်းစတင်ခြင်း အခမ်းအနားကို သမိုင်းဘူတာရုံ၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် မရမ်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဉီးရန်ရှင်း၊ JICA Myanmar မှ မစ္စတာ ယူဂျီဆန်နို၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်(၅) ဒေါ်မေမေသွယ်နှင့် တာဝန်ရှိ သူများက ရထားနှင့်ဘတ်စ်ကား ချိတ်ဆက်မှုကောင်းမွန်စေရန် ပြုလုပ်ပေးသည့် အသေးစား စီမံကိန်းအကြောင်းကို ပြည်သူများနှင့် သတင်းမီဒီယာ များကို ရှင်းလင်းပြောကြားခဲ့ကြသည်။
ရန်ကုန်ုတိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဉီးလှအောင်က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ၌ “နောင်တစ်နေ့ ဖွံ့ဖြိုးတိုးတက်တဲ့ အချိန်မှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးမှာ ရထားဖြစ်လာနိုင်ပါတယ်။ သို့သော်လည်း အခုကာလမှာ ဘတ်(စ်)ကားသည်ပင်လျှင် အဓိက ကျနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဘူတာနဲ့ မှတ်တိုင်နဲ့ကို ချိတ်ဆက်ပြီးတော့ ရထားပေါ်က ဆင်းတဲ့ခရီးသည်, သည် ကားကိုစီးနိုင်ရမယ်၊ ကားစီးတဲ့ခရီးသည်, သည် ရထားကိုသုံးနိုင်ရမယ်ဆိုတဲ့ လုပ်ငန်းကို စတင်ဖို့ ဒီနေ့ ရှေ့ပြေး စမ်းသပ်မှုလေး လုပ်တာပါ” ဟု ပြောကြားသည်။
ယခုအသေးစား စီမံကိန်းအတွင်း ပါဝင်လာမည့် စီးနင်းသွားလာသောခရီးသွားများ၏ အသုံးပြုမှုများ၊ စီမံကိန်း ဆောင်ရွက်မှု၏ အားနည်းချက်၊ အားသာချက် နှင့် ပြည်သူလူထု၏ အခက်အခဲများကို ပြန်လည်လေ့လာ သုံးသပ်ကာ ရန်ကုန်မြို့အနှံရှိ ဘူတာများနှင့် YBS ယာဉ်လိုင်းများ၏ ချိတ်ဆက်မှုများကို ပိုမိုကောင်းမွန်အောင် စီမံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဗဟိုလမ်း သမိုင်းဘူတာရုံမှတ်တိုင်တွင် အောင်မင်္ဂလာအဝေးပြေးနှင့် လသာသို့ ပြေးဆွဲလျက်ရှိသော YBS - ၁၁ ယာဉ်လိုင်း၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်နှင့် သခင်မြပန်းခြံသို့ ပြေးဆွဲပေးလျက်ရှိသော YBS - ၂၂ ယာဉ်လိုင်း၊ ကွန်ပျူတာတက္ကသိုလ်နှင့် ရန်ကုန်ဘူတာကြီးသို့ ပြေးဆွဲပေးလျက်ရှိသော YBS - ၉၄ ယာဉ်လိုင်း တို့ အဓိက ရပ်နားလေ့ရှိပြီး အနီးအနားမှ မှတ်တိုင်များဖြစ်သော ဈေးဘူတာမှတ်တိုင်နှင့် ဉီးဘဟန်မှတ်တိုင် တို့တွင် YBS - ၁၅, ၁၆, ၁၉, ၆၁, ၆၈, ၇၉, ၈၃ စသောဘတ်(စ်)ကားကြီးများ ဖြတ်သန်းမောင်းနှင်နေသည့် နေရာတစ်ခုဖြစ်သည်။
အများပြည်သူသယ်ယူပို့ဆောင်ရေးကွန်ယက်သည် ပြည်သူတို့၏ ဘဝနှင့်စီးပွားရေးကဏ္ဍများတွင် အလွန် အရေးပါလျက်ရှိပြီး ယာဉ်တစ်ခုနှင့်တစ်ခုပြောင်းလဲစီးနင်းခြင်းသည် အများပြည်သူ သယ်ယူ ပို့ဆောင်ရေးကွန် ယက်ဖော်ဆောင်ရာတွင် အရေးကြီးသည့် ကွန်ယက်တစ်ခုအဖြစ်ပါဝင်ကြောင်း သိရသည်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကို အဆင်ပြေချောမွေ့စွာနှင့် အကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် မီးရထား နှင့် ဘတ်(စ်)ကား တို့ကိုပြောင်းလဲစီးနင်းနိုင်စေရန် အဆင့်မြှင့်တင်သည့် အသေးစား စီမံကိန်းအား မြန်မာ့မီးရထား၊ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ယာဉ်ထိန်းရဲတပ်ဖွဲနှင့် JICA အဖွဲ့အစည်းတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - လင်းညွန့်