၆ ဒီဇင်ဘာ

 

ရထားနှင့် ဘတ်စ်ကား ချိတ်ဆက်ပြေးဆွဲမှုကို တစ်ပတ်ကြာစစ်တမ်းကောက်ယူပြီး စစ်တမ်း ပေါ်မူတည်၍ ချိတ်ဆက်ပြေးဆွဲမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ တွဲဘက်အတွင်းရေးမှူး ဦးလှအောင် က ပြောသည်။

 

အဆိုပါ ရထားနှင့် ဘတ်စ်ကား ချိတ်ဆက်ပြေးဆွဲမှု ပထမဆုံးအကြိမ် Pilot Projectအဖြစ် သမိုင်းဘူတာရုံမှတ်တိုင် (ဗဟိုလမ်း) တွင် ယခုလ ၂ ရက်မှ ၈ ရက်နေ့အထိ တစ်ပတ်ကြာ ရထားနှင့် ဘတ်စ်ကား ချိတ်ဆက်ပြေးဆွဲမှု အခြေအနေကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် အကြံပြု ချက်များ၊ ပြည်သူလူထု သဘောထားများကို ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)မှ စစ်တမ်းများကောက်ယူသွားမည်ဖြစ်သည်။

 

"ဒီကာလအတွင်းမှာ စစ်တမ်းတွေကောက်မှာဖြစ်ပါတယ်၊ ပြည်သူလူထုရဲ့သဘောထား၊ ဒီဟာက Effective ဖြစ် မဖြစ်၊ ဒီလိုဆောင်ရွက်မှုမျိုးပေါ်မှာ နှစ်သက်ခြင်းနဲ့ ပိုမိုတိုးမြှင့်ရေးအတွက် အကြံပြုခြင်း ဒါတွေကို JICA ကလည်း စစ်တမ်းများကောက်ယူမှာဖြစ်ပါတယ်၊ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့က ကားနဲ့ ရထား ချိတ်ဆက်ခြင်းကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ကျွန်တော်တို့က နောင်ကျရင် ရေကြောင်းလိုင်းရဲ့ သယ်ယူပို့ဆောင်မှုနဲ့ ကားနဲ့ချိတ်ဆက်တာ၊ ကားနဲ့ ရထားနဲ့ ချိတ်ဆက် တာတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု ဦးလှအောင် က ပြောသည်။

 

ထိုသို့ ရထားနှင့် ဘတ်စ်ကား ချိတ်ဆက်ပြေးဆွဲရခြင်းမှာ ခရီးသည်များအနေနှင့် သွားရောက်မည့် ခရီးကြာချိန်များကို တွက်ချက်နိုင်ရန်နှင့် သက်တောင့်သက်သာ၊ လျင်မြန်စွာ သွားလာနိုင်ရန် အတွက် ဖြစ်ကြောင်း ဦးလှအောင် က ဆက်ပြောသည်။

 

"ကျွန်တော်တို့က အနာဂတ်ကို ဒီထက်ပိုပြီးတော့ကောင်းတဲ့ သယ်ယူပို့ဆောင်ရေးကို အားမြှင့်ပြီးတော့ လုပ်ချင်တယ်၊ ဒါ့ကြောင့် Pilot Project လုပ်တာပါ"ဟု ဦးလှအောင် က ပြောသည်။

 

အများပြည်သူ သယ်ယူပို့ဆောင်ရေး ကွန်ယက်သည် ပြည်သူတို့၏ ဘဝနှင့် စီးပွားရေးကဏ္ဍများတွင် လွန်စွာအရေးပါပြီး ယာဉ်တစ်ခုနှင့် တစ်ခုကြား ပြောင်းလဲစီးနင်းခြင်းသည် အများပြည်သူ သယ်ယူ ပို့ဆောင်ရေး ကွန်ယက် ဖော်ဆောင်ရာတွင် အ‌ရေးကြီးသည့် အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်ကြောင်း သိရသည်။

 

လက်ရှိ ဆောင်ရွက်နေသော Pilot Project တွင် သမိုင်းဘူတာအနီး ဗဟိုလမ်းမပေါ်တွင် YBS ယာဉ်လိုင်းများထားရှိကာ ရထားမှ ဘတ်စ်ကားစီးနင်းရာတွင်လည်းကောင်း၊ဘတ်စ်ကားမှ ရထားစီးနင်း ရာတွင်လည်းကောင်း ခရီးသည်များ အဆင်ပြေစေရန် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

 

ထို့ပြင် ခရီးသည်များ ယာဉ်တစ်ခုနှင့် တစ်ခုကြား ပြောင်းလဲစီးနင်းနိုင်စေရန်အတွက် လိုအပ်နေသော လမ်းပိုင်းဆိုင်ရာ အထောက်အပံ့များ ပြင်ဆင်ခြင်း၊ မှတ်တိုင်တွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း များအား ချမှတ်ခြင်း၊ အများပြည်သူနှင့်ပူးပေါင်း၍ (PR) လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခရီးသည် များအား လမ်းညွှန်ပြသပေးနိုင်ရန် ဘူတာနှင့် ပရောဂျက် ဧရိယာတဝိုက်တွင် လမ်းညွှန်ဝန်ထမ်းများ ထားရှိခြင်း စသည့်အစီအစဉ်များ လုပ်ဆောင်လျှက်ရှိသည်။

 

လက်ရှိ ရထားနှင့် ချိတ်ဆက်ပြေးဆွဲမည့် ဘတ်စ်ကား ယာဉ်လိုင်းများမှာ YBS ၁၅၊ ၁၆၊ ၁၉၊ ၆၁၊ ၆၈၊ ၇၉၊ ၈၃၊၁၁ ၊ ၂၂ ၊ ၉၄ တို့ ဖြစ်သည်။

 

အဆိုပါ ရထားနှင့် ဘတ်စ်ကား ချိတ်ဆက်ပြေးဆွဲမှု စီမံကိန်းကို မြန်မာ့မီးရထား၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) ၊ YRTA ၊ JICA နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

 

JICA အနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် နှစ်နိုင်ငံသဘောတူညီချက်အရ ဘတ်စ်ကားစနစ်ဖွံ့ဖြိုးရေး၊ ယာဉ်မောင်းများနှင့် ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာဖွံဖြိုးတိုးတက်ရေး၊ သယ်ယူ ပို့ဆောင်ရေး အခန်းကဏ္ဍ ဖွံဖြိုးတိုးတက်ရေး စသည့် ကဏ္ဍပေါင်းစုံတွင် ကူညီ ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

 

Nyein Nyein