တောင်တွင်းကြီး ၂၁ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့နယ် ရထားရဲတပ်ဖွဲ့အမှတ်(၁၈)တပ်ခွဲမှ ခေတ္တတပ်ခွဲမှူး ရဲအုပ်ဇော်လွင်ဦးနှင့် တပ်ဖွဲ့ဝင်များ ၊ မင်းဘူးမြို့နယ်မီးသတ်ဦးစီးဌာန၊ မင်းဘူးဘူတာမှ တာဝန်ခံရုံပိုင် ဦးကျော်ကျော်ဦး ဦးဆောင်သော ဝန်ထမ်း များနှင့် ပူးပေါင်းပြီး ဖေဖော်ဝါရီ ၂၁ ရက် ၊ နံနက် ၉ နာရီခွဲက မင်းဘူးဘူတာရှိ မီးရထားဝန်ထမ်းများနှင့် တွေ့ဆုံ၍ ရထားနှင့် ပတ်သက်ပြီး လူနှင့်တိရစ္ဆာန် ယာဉ်တိုက်မှုမဖြစ်ပွားစေရန်နှင့် ရထားမီးလောင်မှုဖြစ်စဉ်များ ကင်းဝေးစေရေးအတွက် အသိပညားပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မင်းဘူးဘူတာရုံရှိ မီးရထားဝန်ထမ်းများနှင့် ခရီးသွားပြည်သူများ ၃၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး တောင်တွင်းကြီးမြို့နယ် ရထားရဲတပ်ဖွဲ့အမှတ်(၁၈)တပ်ခွဲ ၊ ခေတ္တတပ်ခွဲမှူး ရဲအုပ်ဇော်လွင်ဦး က ရထားနှင့် ပတ်သက်ပြီး ယာဉ်တိုက်မှုအန္တရာယ် ကင်းဝေးစေရေးအတွက် ရထားလမ်းကူးများကို ဖြတ်သန်းမောင်းနှင် သွားလာရာ၌ အရှိန်လျှော့၍ ဆင်ခြင်သတိပြု မောင်းနှင်သွားလာရန်လိုအပ်ကြောင်း ၊ ရထားအား ခဲဖြင့် ပစ်ပေါက်မှုများ မပြုလုပ်ကြရန်နှင့် ရထားစီးနင်းရာတွင် မှုခင်းဖြစ်ပွားမှုများ ကင်းဝေးစေရေး လိုက်နာရမည့်ဆောင်ရန် ရှောင်ရန်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် မင်းဘူးမြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီးဖုန်းလှိုင်မြင့် က ရထားနှင့် ပက်သက်ပြီး မီးလောင်မှုများမဖြစ်စေရေး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ၊ အရေးပေါ်မီးသတ်ဆေးဗူးအသုံးပြု၍ ကိုင်တွယ်ငြှိမ်းသတ်နည်းများ၊ ပွင့်လင်းရာသီချိန်ရောက်ရှိလာပြီဖြစ်၍ ရထားဘူတာရုံနှင့် ဝန်ထမ်းအိမ်ရာများတွင် မီးဘေးလုံခြုံရေး လျှပ်စစ်မီးအသုံးပြုရာတွင် စနစ်တကျကိုင်တွယ် အသုံးပြုရန် အချက်များ၊ မီးဘေးကြိုတင်ကာကွယ်ရေး ရေလှောင်များတွင် ရေများဖြည့်တင်းထားရှိရေး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ စီစဉ်ဆောင်ရွက်ထားရှိရေး၊ မီးလောင်မှု ဖြစ်ပွားပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ ချက်ချင်းသတင်းပေးပို့ အကူအညီရယူဆောင်ရွက်သွားရေးတို့ကို ပညာပေးဆွေးနွေးဟောပြောသည်။
၎င်းနောက် တက်ရောက်လာသည့် ရထားဝန်ထမ်းများနှင့် ခရီးသွားပြည်သူများက မီးဘေးလုံခြုံရေးနှင့် ရထားစီးနင်းရာ၌ မှုခင်းများဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ သတင်ပေးပို့နိုင်မည့်နည်းလမ်းများကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးပြီး တပ်ဖွဲ့ဝင်များ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


