ကောလင်း ၂၀ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ကောလင်းမြို့နယ်တွင် ရထားရဲတပ်ဖွဲ့ အမှတ်(၂) တပ်ခွဲမှူးရုံးနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြိမ်းသတ် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက အဆိုပါ တပ်ခွဲမှူးရုံးတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အသိပညာပေး ဟောပြောပွဲကိုပြုလုပ်ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးကျော်သေးမှ မီးလောင်ရသည့် အကြောင်းအရင်းများ၊ မီးလောင်မှုဖြစ်ပွားပါကဆောင်ရွက်ရမည့် နည်းလမ်းများကို ရှင်းလင်းခြင်း၊ အရေးပေါ်မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းများကို လက်တွေ့ သရုပ်ပြသ ရှင်းလင်း ပြောကြားခဲ့ပြီး ရထားရဲတပ်ဖွဲ့ဝင်များအား လက်တွေ့ငြှိမ်းသတ်စေခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ် ဦးစီးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ရထားရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မီးသတ်ရေပိုက်အသုံးပြု၍ မီးငြှိမ်းသတ်နည်းများကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ တပ်ခွဲမှူးရုံးတွင်မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် သရုပ်ပြ ဇာတ်တိုက် မီးငြှိမ်းသတ် လေ့ကျင့်မှုကို ရထားရဲတပ်ဖွဲ့ အမှတ်(၂)တပ်ခွဲမှူးရုံးမှ တပ်ခွဲမှူး ဒုရဲမှူး အောင်မင်းစိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးကျော်သေးနှင့် မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)


