နေပြည်တော်     ဇူလိုင်   ၂၄

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် နိုင်ငံအနှံ့ရှိ ပြည်သူများ ကုန်ကျစရိတ် သက်သာစွာဖြင့် ခရီးသွားလာမှု၊ ကုန်စည်ပို့ဆောင်မှုများ အဆင်ပြေချောမွေ့စေရေး အတွက် အမြန် လူစီးရထား (၁၈)စင်း၊ စာပို့ရထား (၁၄)စင်း၊ လူစီးကုန်တင်ရထား (၈)စင်း၊ RBE လူစီး(၂)စင်း၊ ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးရထား (၃၅)စင်း၊ စုစုပေါင်း လူစီး ရထား (၇၇)စင်းနှင့် ကုန်ရထား(၆)စင်းကို နေ့စဉ် စီစဉ်ပြေးဆွဲပေးလျက်ရှိသည်။

 

ထိုသို့ ခရီးသည်ရထားများ၊ ကုန်ရထားခရီးစဉ်များကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၌ အမြန်ရထား(၄)စင်း၊ စာပို့ရထား(၂)စင်း၊ လူစီးကုန်တင်ရထား (၂)စင်းနှင့် ကုန်ရထား (၃)စင်းတို့ကို နေ့စဉ်ပြေးဆွဲပေးလျက်ရှိသည်။

 

အဆိုပါ ရထားခရီးစဉ်များအနက် မန္တလေးတိုင်းဒေသကြီး၊ မြစ်ငယ်မှ ရန်ကုန်တိုင်းဒေသကြီး၊ ရွာသာကြီး ခရီးစဉ်ထွက်ခွာမည့် အမှတ်(၉၂၄)အစုန် ကုန်ရထားသည် ပုလိပ်ဘူတာမှ ဇူလိုင် ၂၃  ရက် ည ၁၀ နာရီ ၄၅ မိနစ်တွင် ထွက်ခွါလာပြီး စဉ့်ကိုင်မြို့နယ်အတွင်း ပုလိပ်ဘူတာနှင့် စဉ့်ကိုင် ဘူတာ အကြား မိုင်တိုင် အမှတ် (၃၇၂/၃-၃၇၁/၂၄) အရောက် ည ၁၀ နာရီ ၅၅ မိနစ်တွင် ရထားတွဲဆိုင်းပါ စက်ခေါင်းနောက် ၁၈ တွဲမြောက်မှ ၂၂ တွဲမြောက်အထိ ကုန်အပြည့် တင်ဆောင်ထားသည့် ကွန်တိန်နာတွဲ(၅)တွဲသည် သံလမ်းများ ပြုတ်ထွက်၍ လမ်းချော်ကျမှုဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်မှာ အဆိုပါလမ်းပိုင်း၌ မိုင်တိုင်အမှတ်(၃၇၁/၁ မှ ၃)အတွင်း ရထားသံလမ်းဆက်ပြား (၈)စုံနှင့် သံလမ်းဆက်မူလီ(Bolt &Nut) (၃၂)လုံးကို မသမာသူများက ယုတ်မာပက်စက်သော အကြံဖြင့် ရထား သံလမ်း၏ သံလမ်းဆက်ပြားနှင့်မူလီများကို ဘယ်ညာနှင့်ရှေ့နောက် တစ်ဆက်တည်း အစုံလိုက် ဖြုတ်ယူ ဖျက်ဆီးခဲ့မှုကြောင့် အလွန်အန္တရာယ်ကြီးမားပြီး သံလမ်းအဆက်လိုက် ပြုတ်ထွက် လမ်းချော်ကျခဲ့ရခြင်း ဖြစ်သည်။ ရထားလမ်းပျက်စီးမှုကို ညတွင်းချင်းပြန်လည်ပြုပြင်ခဲ့ပြီး လမ်းပိုင်း အား ယနေ့ နံနက် ၈ နာရီ ၃၆ မိနစ်တွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

 

အဆိုပါ လုပ်ရပ်သည် ရထားစီး ခရီးသွားပြည်သူများကို ထိခိုက်သေဆုံးနိုင်ပြီး ကုန်စည်ပို့ဆောင်မှုကိုပါ ထိခိုက်ပျက်စီး ဆုံးရှုံးမှုကြီးမားစွာကြုံတွေ့ရနိုင်သည့်အပြင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော လုပ်ရပ်တစ်ခု ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မသမာသူများ၏လုပ်ရပ်ကို တွေ့ရှိsပါက သက်ဆိုင်ရာသို့ အချိန်မီအကြောင်းကြားသွားရန်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)