မြန်မာ့မီးရထား၏ သမိုင်းသည် ၁၈၇၇ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ရာ မကြာမီနှစ်ပေါင်း ၁၅၀ ပြည့်တော့မည် ဖြစ်သည်။ အရှေ့တောင်အာရှဒေသတွင် အစောဆုံးအဖြစ် စတင်နိုင်ခဲ့သည့် မြန်မာ့ရထားသယ်ယူပို့ဆောင်ရေးစနစ်မှာ လက်ရှိအချိန်တွင် အခြားနိုင်ငံများနှင့် ယှဉ်ပါက နောက်ကျ ကျန်ရစ်‌နေပြီဖြစ်သည့်အလျောက် အဘက်ဘက်မှ အဆင့်မြှင့်တင်မှုများပြုလုပ်၍ ခေတ်နှင့်အညီ ဆန်းသစ်စေကာ နိုင်ငံနှင့်ပြည်သူ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်သည်။

 

ရထားသယ်ယူပို့ဆောင်ရေး၏  အားသာချက်မှာ  တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် ခရီးသည် အမြောက်အမြား၊ ကုန်တန်ချိန် အမြောက်အမြား သယ်ယူပို့ဆောင်ပေးနိုင်ခြင်း၊ ကုန်ကျစရိတ် သက်သာခြင်းတို့ ဖြစ်သည့်အတွက် ယနေ့တိုင် နိုင်ငံတကာတွင် အားထားအသုံးပြုနေရဆဲ ဖြစ်သည်။ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသည့်အ‌လျောက် ရထားများမှာ မြန်နှုန်းမြင့်ရထားများ ဖြစ်လာပြီး ရထားဘူတာရုံများမှာလည်း ခေတ်မီလေဆိပ်ကြီးများနှင့်မခြား ခရီးသွားပြည်သူများ၏ လိုအပ်ချက်အပြည့်အစုံနှင့် ခမ်းနားထည်ဝါလှပစွာ တည်ဆောက်လာကြသည်။ ဘူတာရုံ ဝန်ဆောင်မှု၊ ရထားပေါ်ဝန်ဆောင်မှုများကိုလည်း လိုလေသေးမရှိ ပြည့်စုံစွာ၊ စနစ်ကျနစွာ ဆောင်ရွက်လုပ်ကိုင်လာကြသည်။ သို့ဖြစ်ရာ မြန်မာ့မီးရထားအနေဖြင့်လည်း အဖိုးနည်းနှင့် အိုးကွဲပမာ အရှုံးခံပြေးဆွဲပေးပြီး ဝန်ဆောင်မှုအားနည်း နိမ့်ကျနေမည့်အစား နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့်အခြေအနေသို့ ရောက်ရှိသည်အထိ တစ်ဆင့်ပြီးတစ်ဆင့် ပြုပြင်တည်ဆောက်သွားရမည်ဖြစ်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာ ၇ ရက်က မြန်မာ့မီးရထား မြို့ပတ်ဒီဇယ် စက်ခေါင်းစက်ရုံ (အင်းစိန်) သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်း တင်ပြမှုများအပေါ် မှာကြားရာတွင် “မိမိတို့အနေဖြင့် အမြန်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၈၀ အထိ မြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်ရေး စံသတ်မှတ်ဆောင်ရွက်သွားရန်လိုပြီး ကုန်ရထားတွဲများအား တစ်နာရီလျှင် ကီလိုမီတာ ၆၀ အထိ မောင်းနှင်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒီဇယ် လျှပ်စစ်သုံး (DEMU) စက်ခေါင်းများ၊ ရထားတွဲများကိုလည်း ပြည်တွင်း၌ တည်ဆောက် ထုတ်လုပ်သုံးစွဲနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး “ရထားလမ်းများ ကောင်းမွန်ပြီး အချိန်မှန်မှန်ဖြင့် ပြေးဆွဲနိုင်မည်၊ မြန်နှုန်းမြင့်စွာဖြင့် ပြေးဆွဲနိုင်မည်ဆိုပါက ရထားသယ်ယူ ပို့ဆောင်ရေးကို အများပြည်သူများက ပိုမိုသုံးစွဲလာမည်ဖြစ်ကြောင်း ထည့်သွင်းမှာကြားခဲ့သည်။

 

မြန်မာ့မီးရထားကို အဆင့်မြှင့်တင်မှုပြုရာတွင် ရထားလက်မှတ်များကို အွန်လိုင်းမှ ဝယ်ယူနိုင်သည့် Online Ticketing and Payment System စနစ်ကိုလည်း အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိသည်။ အဆိုပါစနစ်ကို ရန်ကုန်-မန္တလေးလမ်းပိုင်း၊ ရန်ကုန်-ပြည်-ပုဂံ လမ်းပိုင် နှင့် ရန်ကုန်- မော်လမြိုင် လမ်းပိုင်းတို့တွင် ဦးစွာလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်သွားရန် အတွက် အွန်လိုင်းစနစ်ရေးဆွဲတည်ဆောက် လုပ်ကိုင်ခြင်းလုပ်ငန်းကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လိုသူများအား တင်ဒါခေါ်ယူသည့် ကြော်ငြာနှင့်သတင်းများ ပြီးခဲ့သည့် ဇူလိုင် လ စတုတ္ထပတ်အတွင်းက မီဒီယာများတွင် ဖော်ပြပါရှိခဲ့ပြီး လုပ်ငန်းများ ၂၀၂၅ ခုနှစ်အတွင်း အကောင်အထည်ဖော် ပြီးစီးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

 

ရထားသယ်ယူပို့ဆောင်ရေးစနစ်သည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်နှင့်အညီ ခေတ်နှင့်လျော်ညီစွာ ဝန်ဆောင်မှုပေးနိုင်ရန် မဖြစ်မနေ ပြုပြင်တည်ဆောက် သွားရမည်ဖြစ်သည်။ ရထားစက်ခေါင်းများနှင့် ရထားတွဲများ ကောင်းမွန် ရေး၊ ရထားလမ်းများ စနစ်တကျ ကောင်းမွန်ချောမွေ့ရေး၊ ရထားများ သတ်မှတ်အမြန်နှုန်းအတိုင်း အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ရေး၊ ရထားလမ်းနယ်များတွင် ဥပဒေသတ်မှတ် စည်းမျဉ်းစည်းကမ်းများအတိုင်း ဖြစ်ရေး၊ ရထားမြေများအားလုံးတွင် သွားလာနေထိုင်မှုများအားလုံး စည်းကမ်းစနစ်တကျဖြစ်ရေး၊ ရထားလမ်းနယ်များတွင် မျက်စိပသာဒဖြစ်ရေး၊ မြေထိန်းသိမ်းမှု ဖြစ်စေရန် သစ်ပင်စိုက်ပျိုးခြင်းများကို စနစ်တကျဖြစ်ရေးတို့အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ဆောင်ရွက်သွားခြင်းအားဖြင့် ရထားပို့ဆောင်ရေးစနစ် တစ်ခေတ် ဆန်းသစ်စေရန် ကြိုးပမ်းရာတွင် သိသာထင်ရှားသည့် အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်သည်။

 

နိုင်ငံ့အကျိုး၊ ပြည်သူလူထုအကျိုးအတွက် ရထားပို့ဆောင်ရေးစနစ်ကြီး တစ်ခုလုံးကို အဘက်ဘက်မှ ပြုပြင်ပြောင်းလဲမြှင့်တင်မှုများ ကြိုးပမ်းဆောင်ရွက်ခြင်းနှင့်အတူ အခြားတစ်ဖက်မှလည်း အကြမ်းဖက် အဖျက်လုပ်ရပ်များကို ထိထိရောက်ရောက် ကာကွယ်တားဆီး တိုက်ဖျက်သွားရန် လိုသည်။ အကြမ်းဖက်အဖျက်သမားများက မြန်မာ့မီးရထား လမ်းကွန်ရက်တစ်ခုလုံးတွင် ဘူတာအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များကို မီးရှို့ဖျက်ဆီးမှု၊ မီးရထား တံတားများ၊ ရထားလမ်းနှင့် ရထားဘူတာနယ်မြေ များတွင် မိုင်းထောင်၊ မိုင်းခွဲမှု အကြိမ်ပေါင်းများစွာ ရာနှင့်ချီ၍ ကျူးလွန်ခဲ့ ကြရာ ကြိုးပမ်းတည်ဆောက်မှုများ ဖျက်ဆီးခံရမှုကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေး၊ ခရီးသွားပြည်သူလူထုသွားလာမှုများ အနှောင့်အယှက် မဖြစ်ပေါ်စေရေးတို့အတွက် လုံခြုံရေး ဆောင်ရွက်မှုများတွင် အားလုံးပူးပေါင်း ပါဝင်ကူညီကြရပါမည့်အကြောင်း။

 

မြန်မာ့အလင်း