နေပြည်တော် ၈ ဇူလိုင်
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ဖွဲ့စည်းမှတ်ပုံတင်ပြီး သမဝါယမအသင်းပေါင်း ၉၀ နှင့် အသင်းသားပေါင်း ၄၈၁၇ ဦးရှိရာ အသင်းသားတောင်သူများ၏ အဓိကလုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများကို တစ်ပိုင်တစ်နိုင်သာ လုပ်ကိုင်ဆောင်ရွက်ကြပြီး ယခုအခါ သမဝါယမဦးစီးဌာန၏ အစီအစဉ်ဖြင့် လယ်ယာမြေ အဆင့်မြှင့်ပြုပြင်ခြင်းလုပ်ငန်းကို လုပ်ကိုင်လျက်ရှိသည်။
လယ်ယာမြေ အဆင့်မြှင့်တင်နိုင်ရေးအတွက် သမဝါယမအသင်းသားများသို့ ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာရှိ “ရတနာမြေ” စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းရှိ အသင်းသားများ၏ လယ်ယာမြေဧက ၈၈ ဒသမ ၅၃ အား အဆင့်မြှင့်တင်ပြုပြင်နိုင်ရေးအတွက် ပံ့ပိုးချေးငွေတစ်ဧကလျှင် ငွေကျပ် (၃)သိန်းနှုန်းဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ၌ ချေးငွေကျပ် (၂၆၇)သိန်းကို ထုတ်ချေးပေးနိုင်ခဲ့ပြီး ဧပြီလတွင် မြေယာပြုပြင်၍ စိုက်ပျိုးရာသီဖြစ်သည့် မေလအတွင်း Export ပြောင်းမျိုးများကို စိုက်ပျိုးထားသည်။
လယ်ယာမြေ အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ယခင်က တစ်သီးစားသာ စိုက်ပျိုးနိုင်ခဲ့ပြီး ယခုရာသီမှစ၍ နှစ်သီးစား စိုက်ပျိုးလုပ်ကိုင်နိုင်မည် ဖြစ်သည့်အတွက် အသင်းရေရှည် ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အသင်းသားများ၏ လူမှုဘဝ ပိုမိုတိုးတက်ကောင်းမွန်သော ခံစားခွင့်အကျိုးရလဒ်ကို ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်မျိုး


