ရတနာပုံ ဆိုင်ဘာစီးတီးကျောင်းသား အသတ်ခံရမှုနှင့်ပတ်သတ်ပြီး တိုင်းအစိုးရအဖွဲ့နှင့် ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များတွေ့ဆုံ

နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး)ကျောင်းသား အသတ်ခံရမှု နှင့်ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ ဒီဇင်ဘာလ (၁၁) ရက်နေ့က တွေ့ဆုံခဲ့ကြသည်။

နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) ကျောင်းသားများသမဂ္ဂအနေဖြင့် တရားခံအစစ်အမှန် အမြန်ဆုံး ဖမ်းဆီးရမိစေရေး၊ ကျောင်းနှင့်ပတ်ဝန်းကျင် လုံခြုံရေး တိုးမြှင့်ပေးရေးတို့ကို အဓိကထား တောင်းဆိုခဲ့ကြောင်း သိရသည်။

 

"မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးတွေနဲ့ တွေ့ခွင့်ရတယ်။ နယ်လုံဝန်ကြီးရော တိုင်းဒေသကြီးရဲတပ်ဖွဲ့ ခရိုင် မြို့နယ်ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေပါတယ်။ သူတို့အနေနဲ့ တရားခံဖမ်းဆီးရေးကိုလည်း စစ်မှန်တဲ့ တရားခံဖြစ်ဖို့အတွက် DNA စစ်တာကအစ တိတိကျကျ အသေးစိပ်လုပ်မယ်ပြောတယ်" လို့ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုခွန်နိုင်ပြည့်ထွန်း က ပြောသည်။

 

ထို့ပြင် နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး)နှင့် ပတ်ဝန်းကျင်တွင် လှည့်ကင်း ပတ်ကင်းများ ချထားပေးမည့်အပြင် လုံခြုံရေးရဲကင်းလည်း ချထားပေးသွားမည် ဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောကြားကြောင်း သိရသည်။

နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) ICT မေဂျာ ဒုတိယနှစ်တွင် ပညာသင်ကြားနေသည့် ကိုထက်လင်းသန့် (၁၇) နှစ် မှာ ဒီဇင်ဘာလ (၆) ရက်နေ့ ညနေပိုင်းက အသတ်ခံခဲ့ရခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ က တရာခံအချို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ကိုထက်လင်းသန့်နှင့် မဇူးဇူးဟန်ကိုတို့သည် သုံးထောင်ကျေးရွာရှိ စားသောက်ဆိုင်တစ်ခုမှ ရတနာပုံမြို့သစ်စီမံကိန်း အတွင်းလမ်းမှ ပြန်လာစဉ် အမျိုးသား (၅) ဦးက ဆိုင်ကယ်ကိုတွန်းလှဲ၍ တုတ်ဖြင့် ရိုက်နှက်ခံခဲ့ရခြင်းဖြစ်ပြီး ကိုထက်လင်းသန့်မှာ သေဆုံးခဲ့သည်။

 

သူရိန်လင်း