မန္တလေး ၉ မေ
ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတုန်းမင်းတရားကြီး တည်ထောင်ခဲ့သော ရတနာပုံရွှေမြို့တော်(မန္တလေး) မြို့တည်နန်းတည်နှစ်(၁၆၀)ပြည့် အထိမ်းအမှတ်ပွဲတော်ကို မန္တလေးမြို့ ၌ မေ ၂၄ ရက်မှ ၂၆ ရက်အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း အဆိုပါပွဲဖြစ်မြောက်ရေး ကော်မတီ၏ အတွင်းရေးမှူး ထိပ်တင်ဝဏ္ဏစိုးက ပြောကြားသည်။
“ဒီပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ခွင့်ပြုပြီးပါပြီ၊ မေ ၂၄ ရက် နံနက်ပိုင်းမှာ မြနန်းစံကျော်ရွှေနန်းတော် အရှေ့စမုခ်ဆောင်မှာ သံဃာတော် ၁၀၈ ပါးတို့ကို ဆွမ်းဆက်ကပ်ပြီး ညနေပိုင်းမှာ မြို့တည်နန်းတည် နှစ်(၁၆၀)ပြည့် အထိမ်းအမှတ် ပွဲတော်မုခ်ဦး ဖွင့်ပွဲကို(၆၆)လမ်းနဲ့ (၁၂)လမ်းထောင့်ရှိ သတ္တဌာနရှေ့ ရတနာပုံမုခ်ဦးမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်”ဟု ကော်မတီအတွင်းရေးမှူးက ပြောသည်။
ထို့အပြင် မေ ၂၅ ရက် ညနေပိုင်းတွင် သံဃာတော် အပါး ၁၆၀ အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျုံး မြောက်ဘက်ရှိ သုဓမ္မာဇရပ်တန်း၌ ကျင်းပမည်ဖြစ်ကြောင်း၊ မေ ၂၆ ရက် ညနေပိုင်းတွင် နှစ်(၁၆၀)ပြည့် ပွဲတော် ပိတ်ပွဲအခမ်းအနားကို (၆၆)လမ်းနှင့် (၁၂)လမ်းထောင့်ရှိ သတ္တဌာနရှေ့ ရတနာပုံမုခ်ဦး၌ ကျင်းပသွားမည်ဖြစ်သည်။
ပွဲတော်သုံးရက်စလုံးတွင် စန္ဒာမုနိဘုရားဝင်းအတွင်း ဇာတ်ပွဲ၊ အငြိမ့်ပွဲ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဈေးဆိုင်တန်းများ ပါဝင်မည်ဖြစ်ကြောင်း၊ မန္တလေးမြို့ အမျိုးသား ကဇာတ်ရုံတွင်လည်း နိုင်ငံကျော်စာရေးဆရာများနှင့် မန္တလေး မြို့ခံစာရေးဆရာကြီးများ၏ စာပေဟောပြောပွဲများ၊ ဓာတ်ပုံပြပွဲ/ ပြိုင်ပွဲများ၊ ဆွေတော်မျိုးတော်များ၏ ဓာတ်ပုံပြခန်းများ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာပြိုင်ပွဲများအပြင် ကာတွန်းပုံတူရေးဆွဲခြင်းအစီ အစဉ်များ၊ ရုပ်သေးပွဲ၊ ခြင်းအလှပြပွဲ၊ ကျောက်ဆည်ဆင်အလှပြပွဲနှင့် စည်တော်ကြီး၊ မြို့မ စသည့် ခေတ်ပေါ်တီးဝိုင်းများ၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီအတွင်းရေးမှူးက ဆက်လက်ပြောသည်။
ရှေးအစဉ်အလာမပျက် မြန်မာ့ထီးမူနန်းရာရိုးရာ ယဉ်ကျေးမှုများ ထွန်းကားခဲ့ရာ ရတနာပုံ(မန္တလေး) ရွှေမြို့တော်ကြီး၏ သမိုင်းအမွေအနှစ်များကို နောင်အရှည်သဖြင့် မပျောက်မပျက် ဆက်လက်လက်ဆင့်ကမ်း သယ်ပိုးကြရန်၊ မန္တလေးမြို့၌ ရှေးယခင်မှ ယခုတိုင် သမိုင်းရာဇဝင်၊ ယဉ်ကျေးမှု၊ ဘာသာတရား အဆီအနှစ်များ ပြည့်လျှံကြွယ်ဝနေမှုကို ခရီးသွားလုပ်ငန်းတို့ သိရှိလာစေပြီး ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ စေရန်၊ ဘာသာ၊ သာသနာ၊ စာပေ၊ အနုပညာတို့ သမိုင်းအစဉ်အလာမပျက် ထွန်းလင်းဂုဏ်ရှိန်မြင့်စေရန် ရည်ရွယ်ချက်များဖြင့် ရတနာပုံ မြို့တည်နန်းတည် နှစ်(၁၆၀)ပြည့် အထိမ်းအမှတ်ပွဲတော်ကို မြန်မာနိုင်ငံ တော်ဝင်အနွယ်တော်များ အစည်းအရုံး (MRDA)နှင့် ပြည်သူများ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း (ပြန်/ဆက်)