မန္တလေး ၁၃ နိုဝင်ဘာ
မြန်မာနိုင်ငံတွင် အတိတ်ကာလမှ သမိုင်းကြောင်း ယဉ်ကျေးမှုများစွာ ဂုဏ်ယူဖွယ်တည်ရှိပြီး လေ့လာစရာများစွာရှိသည်။ လက်ရှိခေတ် တိုးတက်မှုများသည်လည်း စိတ်ဝင်စားဖွယ် ကောင်းသည့်နည်းတူ ရှေးခေတ်လူနေမှု ပုံသဏ္ဌာန် ယဉ်ကျေးမှုမှအစ အသုံးအဆောင် အဆောက်အအုံများသည် စိတ်ဝင်စားဖွယ်ကောင်းလှသည်။ သမိုင်းဝင်ပစ္စည်း တစ်ခုသည် ထိုနိုင်ငံအတွက် အဖိုးမဖြတ်နိုင်သော အဖိုးတန်ရတနာဟုပင် ညွှန်းဆိုနိုင်သည်။ နိုင်ငံသားတိုင်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းကာ မိမိတိုင်းပြည်၏ ဂုဏ်ကို မြှင့်တင်သင့်လှသည်။
မန္တလေးမြို့သည် မြန်မာဘုရင်များ၏ နောက်ဆုံးမင်းနေပြည်ဖြစ်ခဲ့သည့် မြို့ဖြစ်သည့်အားလျော်စွာ လေ့လာမကုန်နိုင်သော သမိုင်းဝင်ပစ္စည်းများ ရှေးဟောင်း အဆောက်အအုံများစွာ၊ ဘုရားစေတီများစွာကို ယနေ့တိုင်ဖူးမြော်နိုင်သည်။ မန္တလေးမြို့တွင်ရှိသော ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များတွင် နိုင်ငံတကာမှ လာရောက်သော ခရီးသွားဧည့်သည်များ အထူးအံသြစွာ လေ့လာသောအရာမှာ ကျုံးမြို့ရိုးနှင့်တစ်ကွ မြနန်းစံကျော်ရွှေနန်းတော်ပင် ဖြစ်သည်။ မြနန်းစံကျော်ရွှေနန်းတော်ဘေး ရွှေမြို့တော်အတွင်းတွင် လေ့လာစရာများစွာရှိသည်။ စွယ်တော်စင်၊ ပဟိုရ်စင်၊ မင်းတုန်းမင်းအုတ်ဂူပြာသာဒ်၊ ကျောက်စာရုံနှင့်တစ်ကွ အခြားလေ့လာစရာများစွာရှိသည်။ ထိုလေ့လာစရာများစွာထဲတွင် ရတနာပုံခေတ် မြန်မာ့စက်မှုခေတ်ပြောင်းလဲမှု သင်္ကေတတစ်ခုအဖြစ် ကျန်ရှိနေသော စက်ရုံတစ်ရုံရှိသည်။ ထိုစက်ရုံမှာ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းနှင့် အိမ်ရှေ့စံ ကနောင်မင်းသားကြီးတို့ တည်ခဲ့သော ဒင်္ဂါးသွန်းစက်ရုံပင် ဖြစ်သည်။
ရတနာပုံခေတ် စက်မှုနည်းပညာတိုးတက်မှု၊ ကနောင်မင်းသားကြီး၏ အားထုတ်ကြိုးပမ်းမှု၊ နိုင်ငံခြားပညာတော်သင်စေလွှတ်မှုနှင့် ရေမြုပ်ဗုံး စမ်းသပ်အောင်မြင်ခဲ့မှုများနှင့် စက်ရုံများစွာ တည်ထောင်ခဲ့မှု သင်္ကေတများမှာ ယနေ့တိုင်တည်ရှိနေသည်။ လက်ရှိကာလ မန္တလေးနန်းမြို့အတွင်း လေ့လာနိုင်သော သမိုင်းဝင် ဒင်္ဂါးသွန်းစက်ရုံကို သက္ကရာဇ် ၁၂၁၄ ခုနှစ်တွင် အိမ်ရှေ့စံက နောင်မင်းသားကြီးကိုယ်တိုင် ကြီးကြပ်ကာ တည်ဆောက်ခဲ့သည်။ သက္ကရာဇ် ၁၂၂၇ ခုနှစ် တန်ဆောင်မုန်းလဆန်း (၁)ရက်နေ့တွင် ပြီးစီးခဲ့သည်။ ဒင်္ဂါးသွန်းစက်ရုံကို သက္ကရာဇ် ၁၂၂၇ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက် စနေနေ့ (၁၁.၁၁.၁၈၆၅) နံနက်ပိုင်းတွင် အမြောက်သုံးချက်ပစ်ဖောက်ကာ ဖွင့်လှစ်ခဲ့သည်။
ဒင်္ဂါးသွန်းစက်ရုံမှ ဒေါင်းဒင်္ဂါး၊ ဒေါင်းပိုက်ဆံ၊ မူးစေ့၊ မတ်စေ့၊ ပဲစေ့နှင့် ရွှေဒင်္ဂါးတို့ကို ထုတ်လုပ်သည်။ ရွှေဒင်္ဂါးစက်ကို အင်္ဂလိပ်ကုန်သည်ကြီး ဝီလျံဝါလစ်က ပြင်သစ်မှမှာယူပေးခဲ့ကြောင်း သိရသည်။ အဆောက်အဦမှာ အုတ်အင်္ဂတေတို့ဖြင့် တည်ဆောက်ထားသည်။ ခေါင်းတိုင်နှင့်တစ်ကွ အခန်းခုနစ်ခန်းပါကာ ထောင့်မှန်စတုဂံပုံ အဆောက်အအုံပင်ဖြစ်သည်။ အခန်းများမှာ လုပ်ငန်းစဉ်အလိုက် ငွေအရည်ကျိုခန်း၊ သတ္တုရောစပ်ခန်း၊ ပုံနှိပ်ခန်းအဖြစ် စနစ်တကျခွဲထားသည်။ လက်ရှိကာလတွင် ရတနာပုံခေတ်လက်ရာ ဒင်္ဂါးသွန်းစက်ရုံကို မန္တလေးနန်းမြို့အတွင်း ယနေ့တိုင် လေ့လာနိုင်သည်။
တိမ်တမန်


