၁၇ ဇွန်
သည်နှစ် ကောဇာသက္ကရာဇ် ၁၃၈၁ (ခရစ် ၂၀၁၉)ခုနှစ်မှာ မန္တလေးရတနာပုံနေပြည်တော် သက်တမ်း အနှစ် ၁၆၀ပြည့်ခဲ့သည်။ မန္တလေးသည် မြန်မာတို့၏နောက်ဆုံးမင်းဆက်စိုးစံခဲ့သော မြို့တော်အဖြစ် ထင်ရှားခဲ့ရုံသာမက ရိုးရာယဉ်ကျေးမှုအနုပညာများဖြင့် မြန်မာ၏ပြယုဂ်ကို ဖော်ဆောင်ခဲ့ရာ နေရာဒေသအဖြစ်လည်း မြို့တည်နန်းတည် နှစ် ၁၀ဝ သက်တမ်းအတွင်း ကျော်ကြားခဲ့သည်။ မန္တလေးမြို့တည်နန်းတည်စဉ်ကာလ ပြင်သစ်၊ အင်္ဂလိပ်စသော ဥရောပတိုက်ရှိနိုင်ငံကြီးများနှင့် ဆက်ဆံခဲ့ရုံမက အိမ်နီးချင်း ခြံစည်းရိုး ချင်းဆက်နိုင်ငံများနှင့် ဆက်ဆံနေရာပေးမှုကလည်း သိသာထင်ရှားခဲ့၏။
တာရဲတန်း
မင်းတုန်းမင်းကြီးက မြန်မာတို့၏ မင်းနေပြည်တော်မန္တလေးရတနာပုံ ရွှေမြို့တော်တွင် သက်ဆိုင်ရာ ရပ်ကွက်၊ ဝင်းနှင့် အစုအဖွဲ့များကို စနစ်တကျ နေရာချထားပေးရာ၌ လူမျိုးခြားများနှင့် ပတ်သက်၍လည်း သီးခြားစဉ်းစားနေရာပေးမှုများကလည်း ဂရုပြုဖွယ်ဖြစ်၏။ သံဝင်းတဲ့....၊ အင်္ဂလိပ်၊ ပြင်သစ်၊ ပေါ်တူဂီစသော သံအရာရှိများ တစုတဝေးတည်း နေထိုင်ကြသည့် နေရာဖြစ်သည်။ ယခု အောင်မြေသာစံမြို့နယ် သီရိမာလာအရှေ့ရပ်ကွက်တွင် တည်ရှိသည်။ ထို့နောက် ယိုးဒယား ဈေးဝင်းတဲ့....။ အမရပူရခေတ်ကတည်းက သုံ့ပန်းများအဖြစ်ရောက်ရှိလာသော ထိုင်း လူမျိုးတို့ကို ချထားနေထိုင် ရောင်းဝယ်စေသော နေရာဖြစ်သည်....။ ယခု ချမ်းအေးသာစံမြို့နယ် အောင်နန်း ရိပ်သာအရှေ့ ရပ်ကွက်တွင်ရှိသည်။ ထို့နောက် တာရဲတန်းတဲ့....။ မွန်ဂိုတရုတ်(TURK) များကို မြန်မာအသံထွက် ပီပီဖြင့် တာရဲဟုခေါ်ပြီး ထိုသူတို့ စုဝေးနေထိုင်ရာ အရပ်ဖြစ်သည်။ တာတာနွယ်ဝင် တရုတ်များဟုလည်း ခေါ်ကြသည်။ လမ်း ၈၀၊ ၃၇ လမ်းမှ ၄၂ လမ်းကြား နေရာဖြစ်သည်။
ရာဇပလ္လင်တော်အနီးမှာ
လမ်း ၈၀နှင့် ၃၅ လမ်းထောင့်မှာလည်း မင်းတုန်းမင်း၏ ဗိုလ်ချုပ်ကြီး ကူဝင်ရူစလေမန် ဆောက်လုပ်လှူဒါန်းခဲ့သော ပန်းသေးဗလီကြီးလည်းရှိသည်။ အေဒီ ၁၈၆၈ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့တွင် ပန်းသေးခေါင်း မတူတူက ခုနစ်ရွာမိဖုရားထံမှ ငွေရှစ်ဆယ်ဖြင့် ဝယ်ယူခဲ့သော နေရာဖြစ်သည်။ အခုဆိုရင် နှစ်ပေါင်း ၁၄၀ ကျော်ပြီပေါ့....။ မန္တလေးမြို့တည်နန်းတည်ပြီး ၁၀ နှစ်ဝန်းကျင်အတွင်းမှာပင် ရွှေမြို့တော်၏ အချက်အချာနေရာများ၌ ဆွေမျိုးပေါက်ဖော်တို့ မင်းခစားအဖြစ်တခမ်းတနား နေရာရလာကြသည့် သဘောဖြစ်သည်။ မင်းတုန်းမင်း ခေတ်လက်ထက်ကြီး၌သာမက သားတော် သီပေါမင်းခေတ် လက်ထက်တော်လေး ကာလအထိ မန္တလေးရတနာပုံနေပြည်တော်တွင် ဆွေမျိုးပေါက်ဖော်တို့က အဓိက အရေးပါသော စစ်မှုထမ်းများအဖြစ် တာဝန်ထမ်းကြရာတွင် တရုတ်ဗိုလ်မင်းကြီး ဆွင်တာလောရဲသည်လည်း ထင်ရှားသည်။ ဆွင်တာလောရဲက မြန်မာ အမျိုးသမီးနှင့်ပင် အိမ်ထောင်ရက်သားကျပြီး အေဒီ၁၉၀၂ခု ဇူလိုင် ၈ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။
မြန်မာဧကရာဇ်၏ သစ္စာတော်ခံ
တကယ်တော့ မန္တလေးရတနာပုံနေပြည်တော်သို့ ကနဦးရောက်စ ဆွေမျိုးပေါက်ဖော်များကား ပုဂံခေတ်ကတည်းကလို ဧကရာဇ်ဝါဒဖြင့် စစ်ရေးဗျူဟာဆိုင်ရာ ဝင်ရောက်ခြယ်လှယ်လိုမှုမျိုး သိသာထင်ရှားစေခြင်းမရှိဘဲ မြန်မာဧကရာဇ်၏ သစ္စာတော်ခံ(ကြေးစား)အမှုထမ်းအဖြစ် ရိုကျိုးပြားဝပ်ခဲ့ပြီး ဘာသာရေးမှအစ လူမှုရေးယဉ်ကျေးမှုအထိ ပီဘိမြန်မာအသွင် လက်ခံလိုက်နာခဲ့ကြသည်မှာ ငြင်းဖွယ်မရှိချေ။ ဥပမာ ဆိုပါ တော့...၊ ကိုလိုနီခေတ်ဦး မန္တလေးလွှတ်တော် စာတော်ပြန် ဝန်ထောက်မင်း တော်စိန်ခိုသည် သက္ကရာ ဇ် ၁၂၂၆ ခုနှစ် နတ်တော်လဆန်း ၉ ရက်(ခရစ် ၁၈၆၄ ခုနှစ်)တွင် မော်လမြိုင်မြို့ ရွှေတောင်ရပ်၌ အဖ တရုတ် ဥတည်ဘုရင် မဟာမျိုးနွယ်လေးမျိုးဝင်တော်ဂုတ္တအနွယ်တော် စိန်ထွန်း၊ အမိဒေါ်နုတို့က မွေးဖွားခဲ့ပြီး ၁၂၂၈ ခုနှစ် မြင်ကွန်းမြင်းခုန်တိုင်အရေးအပြီး မန္တလေးရတနာပုံနေပြည်တော်သို့ ပြောင်းရွေ့ ရောက်ရှိခဲ့သည်။ မန္တလေး ရွှေမြို့တော်မှ နာမည်ကျော်ဒေါက်တာမတ်ကျောင်း (သံတဲကျောင်း)တွင် သီပေါမင်းသားနှင့်အတူ ပညာ သင်ခဲ့၏။ ပါတော်မူပြီးနောက် မန္တလေးလွှတ်တော်တွင် စာတော်ပြန်ဝန်ထောက် ၁၈၉၃ တွင် ဒုတိယ အတွင်း ဝန်ထောက်၊ ၁၈၉၃ တွင် ဒုတိယအတွင်းဝန်။ ၁၈၉၇ တွင် တရုတ်ပညာသင်၊ ၁၈၉၉ တွင် အတွင်းဝန်ကလေး စသည်ဖြင့် အမှုထမ်းခဲ့ပြီး ရှေးဟောင်းသုတေသနနှင့် လွှတ်တော်ဆိုင်ရာတွင် ကျွမ်းကျင်ပညာရှင်ဖြစ်ခဲ့၏။
အပျော်တမ်းတူရိယာအသင်းဥက္ကဋ္ဌ
အနုသုခုမဘက်တွင်လည်း ကြည့်ပါဦး။ မန္တလေးမြို့မှ တန်စုရဟူသော တရုတ်လူမျိုးက မြန်မာ့သုခုမ အငြိမ့်သဘင်ကို မြတ်နိုးတွယ်တာလိုက်သည်က ပြောကြစို့ဆိုလျှင် မြခြေကျင်း မငွေမြိုင်ကို တစ်ဖက်သတ်မြတ်နိုးခဲ့ပြီး ယခုမလွန်ရပ်ရှိ ပရိယတ္တိသာသန ဟိတအသင်း ဗိမာန်တော်ကြီးတည်ရှိရာ နေရာဒင်္ဂါဝင်း တွင် ‘ဒင်္ဂါးဇာတ်ရုံ’အမည်ဖြင့် ဇာတ်ရုံကြီးထိုးပြီး ဇာတ်ပွဲ၊ အငြိမ့်ပွဲများ ခြိမ့်ခြိမ့်သဲ ရုံသွင်းကပြစေခဲ့သည်။ ထို့ပြင် ယနေ့ထက်တိုင် မန္တလေးမြို့ ဂုဏ်ဆောင်အဖြစ်ခိုင်မာဆဲဖြစ်သော မြို့မအပျော်တမ်း တူရိယာအသင်းကြီးကို ၁၉၂၅ ခုနှစ်က စတင်တည်ထောင်ခဲ့သူများတွင် ဆိုင်းတန်းရပ်မှ အပေါင်ဆိုင်လုပ်ငန်းပိုင်ရှင် ဦးတော်လုံသည်လည်း တရုတ်လူမျိုးဖြစ်သည်။ ဓားတန်း ဦးသန့်၊ ကိုဘညိန်း၊ ကိုလှဒင်စသော ဂီတဝါသနာရှင်လူငယ်လေးများကို လိုအပ်သောတူရိယာပစ္စည်းများနှင့်အတူ လိုအပ်သော အကူအညီများပေးခဲ့ပြီး လူငယ်လေးများ သီဆိုတီးမှုတ်ကြပုံကိုဘေးမှ ထိုင်နားထောင်ရင်း ကျေနပ်ပီတိဖြစ်နေသည်ကိုလည်း ပြောစမှတ်ဖြစ်ခဲ့ရသည်။
မန္တလေးသားအရှုံးပေးရမယ်
ကဲ.... ထားပါတော့....၊ ဆိုလိုသည်က မန္တလေးရတနာပုံနေပြည်တော် စတင်တည်ထောင်သည်မှအနှစ် ၁၀ဝ ပြည့် ၁၉၅၉ ခုနှစ်ဝန်းကျင်အထိ မန္တလေးမြို့တွင် နေထိုင်ရောင်းဝယ်ဖောက်ကားကြသော အရှေ့မြောက်ဒေသမှ လာရောက်အခြေချနေထိုင်သူများသည် သမ္မာအာဇီဝဖြင့် လုပ်ကိုင်စားသောက်ကြသလိုဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများ၌ မူလရှိရှင်း အိမ်ရှင်၏ စရိုက်လက္ခဏာအောက်၌သာ ‘ဆွေမျိုး ပေါက်ဖော်’ဟူသော ဂုဏ်ပုဒ်ကို ထိုက်တန်စွာရရှိအောင်ပင် မန္တလေးအရှုံးပေးလောက်စွာ ရိုသေပိပြားစွာ နေထိုင်ခဲ့ကြသည်။ မည်သို့ဆိုစေ.... ၁၉၆၂ ခုနှစ်မှ ၁၉၈၀ကျော် ၉၀ ဝန်းကျင်အတွင်း တိုင်းပြည်နယ် နိမိတ်နှင့် လူမျိုးရေးဆိုင်ရာ တင်းကျပ်သော မူဝါဒစည်းမျဉ်း များအောက်၌ နှစ်ဦးနှစ်ဖက် သာခြင်းနာခြင်းမတွက်ဘဲ ငြိမ်းချမ်းစွာနေထိုင်ခဲ့ကြသည်။
ဝသုန္ဒြေမျက်ရည်စက်များ
ဤသို့ဖြင့် ၁၉၈၁၊ ၁၉၈၄ ခုနှစ်များအတွင်း မန္တလေးတွင် အကြီးအကျယ်လောင်ကျွမ်းခဲ့သော ဆိုင်းတန်းမီး၊ ဦးကျားကြီးဝင်း မီးများနောက် မြို့လယ်စီးပွားရေးရပ်ကွက်ကြီးများ၏ မြေယာပိုင်ဆိုင်မှု အချိုးအကွေ့များတွင် ရွာနေပြည်ထိုင် ဆွေမျိုးပေါက်ဖော်များအတွက် မျက်နှာပူစရာပင်ဖြစ်ခဲ့၏။ ၁၉၉၀ ဝန်းကျင်တွင် လက်နက်ကိုင်အဖွဲ့အစည်းများ တရားဝင် ဝင်ရောက်လာပြီးနောက် မန္တလေးသည် အရှေ့မြောက်ဒေသဝင်ပေါက်မှဧည့်သည်များ အခြေချ နေထိုင်ရန် အလုံးအရင်း ဝင်ရောက်လာသည့် ကာလများဖြစ်သည်။ သို့သော် မြန်မာနာမည်နှင့် မြန်မာမှတ်ပုံတင်အစစ်များ တစ်ပါတည်း ကိုင်ဆောင်လာနိုင်ကြသည်ကလည်း ထူးခြားမှုဖြစ်သည်။ ထိုစဉ်ကာလ ငွေကျပ်တစ်သိန်းနှစ်သိန်းဟူသည်ကိုပင် များပြားသည့်ငွေပမာဏဟု ရွာနေပြည်ထိုင်တို့ အရိုးစွဲနေကြသည့်ကာလတွင် ငွေကျပ်သိန်းရာချီ၍ မြွေရေတုခွံအိတ်ဖြင့် ထည့်ကာ ဘိုးဘွားပိုင်မြေတွေတစ်ကွက်ပြီးတစ်ကွက် ဝယ်ယူကြမှုမှာ ကြီးမားလွန်းသော အပြောင်းအလဲဖြစ်၏။ ထိုအပြောင်းအလဲသည် ဒေသစွဲကြီးလွန်း၊ ကိုယ့်မြေကိုယ့်အိမ်အပေါ် အစွဲအလမ်းကြီးလွန်းသော မန္တလေးမြို့ခံများအဖို့ ပြင်းထန်လွန်းသော ရိုက်ခတ်ချက် ဖြစ်ခဲ့သည်။
ကြေးမောင်း၊ ဗုံသံနှင့် နဂါးကသည့်ညများ
ထိုရိုက်ခတ်မှုရေစီးကြောင်းကား တဖြည်းဖြည်း အရှိန်အဟုန်ရလာသည်သာမက ၁၉၉၆၊ ၂၀ဝ၀၊ ၂၀ဝ၃၊ ၂၀ဝ၅၊ ၂၀၁၀၊ ၂၀၁၁ စသော နှစ်ကာလအပိုင်းအဖြတ်များနှင့် ဆင့်ကဲပေါက်ကွဲအဟုန်များ ပေါ်ပေါက်ပြီး ရှေးဟောင်းမြို့တော် မန္တလေးမြေဈေးပမာဏများသည် နောက်ဆုံးပိတ် ကျပ်သိန်းပေါင်း သောင်းဂဏန်း သိန်းဂဏန်းထိ ပေါက်ရောက်သွားမှုမှာ ဇာတိသားတို့အဖို့ လုပ်ငန်းချဲ့ထွင်မှု၊ လုပ်ငန်းတီထွင်မှုများထက် ရှိသည့်ပိုင်ဆိုင်မြေကိုထုခွဲမှုက တစ်သက်စာ အကျိုးအမြတ်ထက် ဆပွားများပြားသည်မို့ ဘိုးဘွားပိုင် အမွေအနှစ်ထုခွဲဝေခြမ်းရေး နောက်ဆုံးပေါ် စီးပွားရေးပဲ အားကောင်းမောင်းသန် ဆောင်ရွက်ခဲ့ကြတော့သည်။
အခွင့်အရေး သာတူညီမျှဖို့
ရတနာပုံခေတ်မှစ၍ မန္တလေးနှစ် ၁၀ဝ ပြည့်ပွဲတိုင် ရေကြည်ရာမြက်နုရာသို့ ရောက်လာ အခြေချကြသည့် ဆွေမျိုးပေါက်ဖော်တို့ကား မန်းမြေမန်းရေမန်းလေတွင် နေထိုင်သောက်ရှူကျင့်သားရသည်နှင့် ပီဘိမန္တလေးသားတွေဖြစ်ကြပြီး မန္တလေးရိုးရာယဉ်ကျေးမှုအောက်တစ်သားတည်း ရောက်ကြရသည်။ အခု မန္တလေးနှစ်၁၃၀၊ နှစ် ၁၄၀၊ နှစ်၁၆၀ ဝန်းကျင်တွင် ရောက်ကြသော ဆွေမျိုးပေါက်ဖော်တို့ကား ရှေးဟောင်းပေါက်ဖော်တို့လို အပျော်တမ်း တူရိယာအသင်း ဥက္ကဋ္ဌနေရာယူပြီး မဟာဂီတသီချင်းကြီး တီးမှုတ်နေသည်ကို အားပေးပီတိဖြစ်နေကြတော့မှာ မဟုတ်တာ သေချာသည်။ ဟော လာချေပြီ။ ပျိုတို့မောင်တို့ လာချေပြီ။ မန္တလေးသို့ ကနဦး ဦးတည်လာမည့် ‘ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း’ ပေါ် တန်းတူညီမျှ ပခုံးချင်းယှဉ်ကာ အတူတကွလုပ်ကိုင်ရင်း အခွင့်အရေး သာတူညီမျှဖို့ ကျွန်တော်တို့ ရေရှည်မျှော်ကိုးပြီး ဘာတွေ ဘယ်လို ဘယ်လောက် ပြင်ဆင်ပြီးကြပြီလဲလေ။
မူလလက်ဟောင်း ဆွေမျိုးပေါက်ဖော်စိတ်ဓာတ်အဓွန့်ရှည်ပါစေ။
ဆူးငှက်