မန္တလေး ၃၁ အောက်တိုဘာ
မန္တလေးမြို့ရှိ ရတနာပုံတိရစ္ဆာန်ဥယျာဉ်တွင် လာရောက်အပန်းဖြေကြသူပြည်သူများ ပျော်ရွှင်စေရေးအတွက် တန်ဆောင်တိုင်ဈေးရောင်းပွဲတော်ကို နိုဝင်ဘာလ ၉ ရက်မှ ၁၁ ရက်အထိ သုံးရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတော်တွင် အစားအစာမျိုးစုံရောင်းချသည့် ဆိုင်ခန်းများနှင့် အမှတ်တရ ပစ္စည်း အရောင်းဆိုင်ခန်းပေါင်း ၃၀ ကျော် ပါဝင်ခင်းကျင်းရောင်းချသွားမည့်အပြင် တေးဂီတ သီဆိုဖျော်ဖြေမှုများ တိရစ္ဆာန်အလိမ္မာပြပွဲများ မျက်လှည့်ပြပွဲများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း ရတနာပုံတိရစ္ဆာန်ဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းအောင်က ပြောသည်။
''ဈေးရောင်းပွဲတော်မှာ အရက်၊ ဘီယာကလွဲပြီး ကျန်တဲ့ အစားအစာမျိုးစုံကို ရောင်းချသွားမှာပါ။ တီးဝိုင်းနဲ့ အဆိုတော်တွေကတော့ မန္တလေးက အဖွဲ့တွေကို ငှားရမ်းထားတာပါ။ ကျွန်တော်တို့ ဥယျာဉ်မှာ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ကာလတစ်ခုခုမှာ အခုလို ပွဲတော်တွေ ကျင်းပပေးလေ့ရှိပါတယ်။ ပွဲတော်ကျင်းပတဲ့ ကာလမှာလည်း ဝင်ကြေးငွေကို ပုံမှန်အတိုင်းပဲ လူကြီး ၁၀ဝဝ ၊ ကလေး ၅၀ဝ ကျပ်နှုန်းပဲ ကောက်ခံပါတယ်။ ဈေးရောင်းပွဲတော်ကို နံနက် ၇ နာရီကနေ ညနေ ၅ နာရီခွဲအထိ သုံးရက်လုံး ကျင်းပမယ်။ တိရစ္ဆာန်အလိမ္မာပြပွဲကို ၁၀ ရက်နေ့မှာ ကျင်းပပြီး ၁၁ ရက်နေ့မှာတော့ တေးဂီတ ဖျော်ဖြေပွဲတွေ ကျင်းပသွားမှာပါ။ ကျွန်တော်တို့ဥယျာဉ်က အများပြည်သူအတွက် အသိပညာပေးမှုတွေအပြင် အပန်းဖြေပျော်ရွှင်စေရေးအတွက်လည်း ဆောင်ရွက်ပေးနေတဲ့အတွက် လာရောက်ပြီး အပန်းဖြေလေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်'' ဟု ၎င်းကပြောသည်။
ရတနာပုံတိရစ္ဆာန်ဥယျာဉ်သို့ နေ့စဉ်ပုံမှန် လာရောက်အပန်းဖြေလေ့လာသူ ၂၀ဝဝ နှင့် ၃၀ဝဝ ကြားရှိပြီး အများပြည်သူရုံးပိတ်ရက်များနှင့် နေ့ထူးနေ့မြတ်များတွင် လူဦးရေ ၅၀ဝဝ ကျော်အထိ လာရောက်မှုရှိကြောင်းနှင့် အဆိုပါ ဥယျာဉ်တွင် ကျေးငှက်၊ နို့တိုက်နှင့် တွားသွားမျိုးစိတ်ပေါင်း ၁၀ဝ နှင့် အခြား တိရစ္ဆာန်အမျိုးအစားပေါင်း ၁၁၈၃ ကောင်ကို ထိန်းသိမ်းစောင့်ရှောက်ကာ ပြသထားကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


