ရွှေတို
ဖေဖော်ဝါရီ ၁၃၊ ၂၀၁၉ မြန်မာနိုင်ငံမှာ ဟိုးရှေးရှေးက မွေးနေ့၊ မွေးရက် အထိမ်းအမှတ် လုပ်တဲ့အစဉ်အလာ တွေ့ရခဲပါတယ်။ အခုနောက်ပိုင်းကာလရောက်မှ လူပုဂ္ဂိုလ်အလိုက် မွေးနေ့အထိမ်းအမှတ်တွေ ပြုလုပ်လာကြတယ်လို့ ထင်မြင်မိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မွေးနေ့မှာ အလှူအတန်းတွေ၊ ကောင်းမှုကုသိုလ်တွေ၊ ပျော်ရွှင်စရာ အထိမ်းအမှတ်တွေ လုပ်ကြတာဟာ ကောင်းတဲ့အလုပ်တွေဖြစ်တာကြောင့် ကြိုဆိုရမှာဖြစ်ပါတယ်။
မွေးနေ့ဆိုတာကတော့ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ကိုယ်မွေးဖွားခဲ့တဲ့ နေ့ရက်ကို အသိအမှတ်ပြုလိုတဲ့အနေနဲ့ အထိမ်းအမှတ်လုပ်ကြတာပါပဲ။ မိတ်ဆွေအပေါင်းအသင်းတွေကို အသိပေးဖိတ်ကြားပြီး အလှူအတန်းတွေလုပ်ကြ၊ ဆုမွန်ကောင်းတွေတောင်းကြ၊ မွေးနေ့မွေးရက်က စလို့ နောင်နှစ်ပေါင်းများစွာ မွေးနေ့ရှင်အနေနဲ့ ကျက်သရေမင်္ဂလာ အဖြာဖြာနဲ့ကောင်းခြင်းမင်္ဂလာတွေ ပြည့်စုံနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သ ပေးကြလို့ မင်္ဂလာပါလို့ ဆိုရမှာဖြစ်ပါတယ်။
အခုတင်ပြလိုရင်း မွေးနေ့ကတော့ အများသူငါတွေနဲ့မတူတဲ့ တစ်တိုင်းပြည်လုံး ဂုဏ်ပြုလေးစားရတဲ့ ကျဆုံးလေပြီးသော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။ ဒီမွေးနေ့ကတော့ အများသူငါနဲ့မတူတဲ့ မွေးနေ့ဖြစ်ပါတယ်။ ဗိုလ်ချုပ်ဆောင်ဆန်းနဲ့ သက်ဆိုင်တဲ့ တပ်မတော်နေ့၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ အာဇာနည်နေ့ဆိုတဲ့ အစိုးရအသိအမှတ်ပြု အထိမ်းအမှတ်နေ့တွေအပြင် ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဟာလည်း ထူးကဲမွန်မြတ်လှတဲ့ နေ့တစ်နေ့ ဖြစ်တာကြောင့် တစ်တိုင်းပြည်လုံးရဲ့ အထိမ်းအမှတ်နေ့အဖြစ်နဲ့ ပြည်သူလူထုတစ်ရပ်လုံးက ပြုလုပ်ပေးရမယ့် မွေးနေ့ဖြစ်ထိုက်ပါတယ်။
‘ကလေးများနေ့’လို့ သတ်မှတ်ခဲ့
ဗိုလ်ချုပ်အောင်ဆန်းမွေးဖွားလာတဲ့ နေ့ရက်ဟာ နောင်ကာလမှာ ပြည်ထောင်စုရဲ့ အမြုတေနေ့ဖြစ်လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့အပြီး ဖေဖော်ဝါရီလ ၁၃ ရက် ဖြစ်နေတာဟာ ထူးခြားမှုလို့ ဆိုရမှာဖြစ်ပါတယ်။ တစ်ခါဒီဘက်ကာလ ရောက်လာတဲ့အခါမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကို ‘ကလေးများနေ့’ လို့ သတ်မှတ်ခဲ့ကြတာ ဟာလည်း ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နဲ့ တိုက်ဆိုင် အသိအမှတ်ပြုတာမို့ ထူးခြားမှုဖြစ်သလို လျော်ကန်သင့်မြတ်မှုလည်း ဖြစ်ပါတယ်။
ကလေးတွေဆိုတာဟာ နောင်အနာဂတ်တိုင်းပြည်ကို ပခုံးပြောင်း တာဝန်ယူကြမယ့် သားကောင်းရတနာတွေ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အဖူးအညွန့်လေးတွေ ဖြစ်ပါတယ်။ မောင်အောင်ဆန်းရယ်လို့ ဖြစ်လာမယ့်သန္ဓေသားလောင်းလေးကို အဖ ဦးဖာ၊ အမိ ဒေါ်စုတို့က မကွေးခရိုင်နတ်မောက်မြို့မှာ ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မွေးဖွားသန့်စင်ပေးလိုက်နိုင်တာဟာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအတွက် မင်္ဂလာ တစ်ပါးဖြစ်စေခဲ့ပါတယ်။ မောင်အောင်ဆန်းဆိုတဲ့ ကလေးငယ်လေးဟာ မွေးဖွားကြီးပြင်းလာပြီး သူရဲ့ပင်ကိုဗီဇနဲ့ ကြိုးစားအားထုတ်မှု၊ အမြော်အမြင်ကြီးမားမှု၊ စွန့်လွှတ်စွန့်စားမှုတွေကြောင့် လွတ်လပ်တဲ့ ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကြီး ဖြစ်ထွန်းလာတာဟာ တိုင်းပြည်နဲ့ လူမျိုးအတွက်သာမက နိုင်ငံတကာအလယ်မှာပါ ဂုဏ်ယူဝင့်ကြွားဖွယ်ဖြစ်စေခဲ့ပါတယ်
အသိပေးမျှဝေပေးကြ
ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ကို အသိအမှတ်ပြု အလေးထား ဂုဏ်ပြုကြတဲ့ အထိမ်းအမှတ်ပွဲတွေကို နိုင်ငံတစ်ဝန်းလုံးမှာ ခြိမ့်ခြိမ့်သဲသဲ ပြုလုပ်ကြတာဖြစ်ပါတယ်။ ဒီကနေ့ဟာ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဖြစ်တာနဲ့အညီ ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်တောင်ကျေး ကလေးဘဝက အများတကာ ကလေးတွေနဲ့မတူတဲ့ တစ်မူထူးခြားတာတွေကိုလည်း သိရှိထားကြဖို့ လိုပါတယ်။ အထူးသဖြင့် ယနေ့ကလေးသူငယ်တွေ သိရှိနိုင်ဖို့၊ များများစားစား မှတ်သားထားဖို့ အသိပေးမျှဝေပေးကြရမှာ ဖြစ်ပါတယ်။
မြန်မာပြည်အလယ်ပိုင်း မကွေးခရိုင် နတ်မောက်မြို့လေးမှာ ဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားခဲ့ခြင်းဟာ ပစ္စုပ္ပန်ခေတ် မြန်မာနိုင်ငံသမိုင်းအတွက် အဖိုးအထိုက်တန်ဆုံး ရတနာတစ်ပါးကို ရရှိလိုက်ခြင်းဖြစ်ပါတယ်။ ထိုစဉ်အခါတုန်းကတော့ မြန်မာပြည်သာမက ကမ္ဘာကျော်အောင်ထင်ရှားမယ့် ခေါင်းဆောင်တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပါဘူး။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေးမှတ်တမ်းထဲမှာတော့ နာမည်ကျော်ဗေဒင်လက္ခဏာဆရာကြီး ကိုင်ရို၏ ဟောပြောချက်အရ ထိုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဟာ တိုင်းပြည်တစ်ပြည်ရဲ့ အစိုးရထီးနန်းကို ဖြိုဖျက်နိုင်စွမ်းရှိသူတ ွေမွေးဖွားတတ်တယ်လို့ ရေးမှတ်ထားခဲ့တာဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိဘတွေဟာ သားသမီးတွေအပေါ် ပညာလိုလားသူတွေဖြစ်ပေမယ့် သားအငယ်ဆုံး အောင်ဆန်းကိုတော့ အချစ်ပို အလိုလိုက်ခဲ့ပါတယ်။ ကျောင်းမသွားချင်ဘူးဆိုရင် နေလိုက်နဲ့ ဗိုလ်ချုပ်ဟာ ခုနစ်နှစ်အရွယ်အထိ ကျောင်းမနေဖြစ်ခဲ့ပါဘူး။ တစ်နေ့တော့ အစ်ကိုဖြစ်သူ ကိုအောင်သန်း ၁၁ နှစ်အရွယ် ရှင်ပြုတော့ ဝတ်ကောင်းစားလှတွေနဲ့ အရေးပေးကြတာကိုမြင်ကာ မောင်အောင်ဆန်းလည်း အားကျလာပြီး မိခင်ကို ရှင်လောင်းလုပ်ချင်ကြောင်း ပူဆာပါတယ်။ မိခင်က ရှင်လောင်းလုပ်ချင်ရင် စာတတ်ရမယ်လို့ဆိုတော မောင်အောင်ဆန်းက ‘ကျောင်းနေတော့မယ်’ဆိုလို့ နတ်မောက်မြို့က ဆရာတော်ဦးသောဘိတ အထက်တန်းကျောင်းမှာ ကျောင်းသားလေး စဖြစ်လာပါတယ်။
မောင်အောင်ဆန်းဟာ ကျောင်းနေဖြစ်တဲ့အခါမှာ ပညာဘက်မှာ ဝါသနာပါပြီး စာကိုအထူးကြိုးစားပါတယ်။ ဉာဏ်ကလည်း မိဘမျိုးရိုး လိုက်သလားမသိ၊ အလွန်ကောင်းပါတယ်။ ငယ်ငယ်က အစားအသောက်ကို မက်မောပေမယ့် ကျောင်းမုန့်စားဆင်းချိန် အိမ်ကိုခဏပြန်ပြေး၊ ခပ်သုတ်သုတ်စားပြီး ကျောင်းကိုချက်ချင်း ပြန်လာပါတယ်။ တခြားကလေးတွေ ဆော့ကစားနေချိန်မှာ မောင်အောင်ဆန်းဟာ ဖတ်စာအုပ်ဖတ်၊ လက်ရေးလှ ရေးလေ့ကျင့်တာပဲလုပ်ပါတယ်။ အခြားကျောင်းသားတွေထက် မှတ်ဉာဏ်၊ ထိုးထွင်းဉာဏ်ကောင်းတာကြောင့် ရှစ်နှစ်သားမှာ ကျောင်းစနေပြီး ၁၂ နှစ်သားအရွယ်မှာ မြန်မာစာ လေးတန်းအောင်ခဲ့ပါတယ်။
ဒါနဲ့တင်အားမရသေးဘဲ အစ်ကို ဦးဘဝင်း၊ ကိုအောင်သန်းတို့ အင်္ဂလိပ်စာ သင်တာကိုအားကျလို့ လေးတန်းစကောလားရှစ်စာမေးပွဲ ဝင်ဖြေမှာကိုပညာအုပ်က ‘ငယ်သေးတယ်’ဆိုပြီး ခွင့်မပြုလို့ မောင်အောင်ဆန်း စိတ်လည်းပျက်၊ ဒေါသလည်းထွက်ခဲ့ပါတယ်။ အင်္ဂလိပ်ကျောင်းနေလိုတဲ့ မောင်အောင်ဆန်းရဲ့စိတ်ဟာ ပျောက်မသွားဘဲ ပိုလို့ပြင်းထန်လာပါတယ်။ အစ်ကို ဦးဘဝင်းနဲ့ ရေနံချောင်း အမျိုးသားကျောင်းမှာ အင်္ဂလိပ်စာသင်ခွင့်ပြုဖို့ မိဘကိုဇွတ်ပူဆာပါတယ်။ မိဘတွေက ‘ကြီးမှပို့ပေးမယ်’လို့ ဖျောင်းဖျတာကိုမကျေနပ်လို့ ထမင်းသုံးရက်မစားဘဲ အစာအငတ်ခံဆန္ဒပြပါတယ်။ နောက်ဆုံးတော့ မိဘတွေက လက်လျှော့ပေးပြီး ရေနံချောင်းကို ပို့ပေးလိုက်ရပါတယ်။ ဉာဏ်ကလည်းကောင်း၊ စာလည်းကြိုးစားလို့ အစိုးရစစ် သတ္တမတန်း စာမေးပွဲမှာ မြန်မာတစ်ပြည်လုံး ပထမစွဲပြီး ဦးရွှေွှခို ဆုတံဆိပ် ချီးမြှင့်ခံရပါတယ်။
စာအဖတ်ဆုံး လူတစ်ယောက်
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပင်ကိုသဘာဝစရိုက်ကို လေ့လာမယ်ဆိုရင် ကျောင်းသားအရွယ် ငယ်စဉ်ကတည်းက ပေါ်လွင်ခဲ့တဲ့ သူ့စရိုက်နဲ့ ဝါသနာတွေကို မှတ်သားရမှာဖြစ်ပါတယ်။ စာဖတ်ဝါသနာပါတာကတော့ ငယ်ငယ်ကတည်းက ပါပဲ။ အချိန်ရတိုင်း စာအုပ်နဲ့မျက်နှာမခွာဘဲ ကပ်နေပါတယ်။ စာဖတ်ဝါသနာ ပါတာဟာ သူကြီးပြင်းလို့ နိုင်ငံရေးခေါင်းဆောင် ဖြစ်လာတဲ့အထိပါလာပါတယ်။ စာအုပ်တစ်အုပ်ကို ဖတ်မိပြီဆိုရင် ထမင်းမစား၊ ဟင်းမစား၊ ထိုင်ရာမထ ဖတ်တော့တာပါပဲ။ ယနေ့ လက်ရှိကာလအထိ မြန်မာလူမျိုးထဲမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ စာဖတ်ဝါသနာအပါဆုံးနဲ့ စာအဖတ်ဆုံး လူတစ်ယောက်လို့ ပြောရမှာဖြစ်ပါတယ်
အတွေးအခေါ်တွေ ပေါ်ထွက်
ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်ပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်တွေမှာ လူအဖွဲ့အစည်းနဲ့ဖြစ်ဖြစ်၊ နိုင်ငံရေးအခြေအနေနဲ့ဖြစ်ဖြစ် ၎င်းရဲ့အတွေးအခေါ်အယူအဆ ဒါမှမဟုတ် ၎င်း၏အမြင် ဖြစ်ပါတယ်။ ဒီအချက်ဟာ သာမန်အညာဒေသက လူရိုးလူအတစ်ယောက်ဘဝမှ ကမ္ဘာကျော်အောင်ထင်ရှားတဲ့ နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင်ကြီးဖြစ်အောင် ဖန်တီးပို့ဆောင်ပေးခဲ့တယ်လို့ ဆိုချင်ပါတယ်။ ငယ်စဉ်က အခြားကလေးတွေနဲ့မဆော့မကစား၊ စာဖတ်ရင်ဖတ်၊ မဖတ်ရင် တစ်ယောက်တည်း ချောင်ကပ်တွေးတော ဆင်ခြင်နေတတ်တာဟာ ဗိုလ်ချုပ်ရဲ့ဦးနှောက်ထဲမှာ ပြဿနာအဖုံဖုံ၊ အကြောင်းကိစ္စအမျိုးမျိုးတွေနဲ့ပတ်သက်လို့ ဆန်းသစ်တဲ့အမြင်၊ အယူအဆ၊ အတွေးအခေါ်တွေ ပေါ်ထွက်လာစေပါတယ်။ (ဗိုလ်ချုပ်ဟာ လွတ်လပ်မှု၊ အမှန်တရားနဲ့ ဖြောင့်မတ်မှန်ကန်မှုတို့ကို မြတ်နိုးသူဖြစ်တယ်။ စကားကိုလိမ်ညာမပြော၊ ဟုတ်တိုင်းမှန်ရာကို တဲ့တိုးပြောတတ်သူဖြစ်ပါတယ်။)
၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီး ဗိုလ်ချုပ်ရဲ့ ဒုတိယသား အောင်ဆန်းလင်းဟာ အခြားကလေးတွေထက်ပိုပြီးဆိုးချင်၊ ဆော့ချင်လို့ မိခင်ဒေါ်ခင်ကြည်က ‘ဒီကောင်လေးသိပ်ဆိုးတာပဲ၊ အငြိမ်ကိုမနေဘူး’ ဟု ဆိုလိုက်ရာ ဗိုလ်ချုပ်က ‘ဟေ့ ငါ့ကလေးတွေ ဆိုးချင်ဆိုးပါစေကွာ၊ အရေးကြီးတာက ကလေးဆိုတာ ကိုယ်ကျင့်တရားကောင်းဖို့ရယ်၊ မှန်ကန်ဖြောင့်မတ်ခြင်းကို လိုလားဖို့ရယ်၊ ဒါပဲလိုတယ်’ လို့ သူ့ကိုယ်သူနဲ့ နှိုင်းယှဉ်ပြီး သူလိုလားမျှော်မှန်းတဲ့ ယောက်ျားကောင်းတို့ရဲ့ ဂုဏ်အင်္ဂါကို ထုတ်ဖော်ပြောခဲ့ပါတယ်။
ဗိုလ်ချုပ် လေးနှစ်သားအရွယ်ခန့်ကလည်း တစ်နေ့မှာ မိခင်ဒေါ်စု တောမှစပါးလာဝယ်သူတွေနဲ့ အရောင်းအဝယ် ဈေးစကားပြောကြရာ အမေစုက ‘ကဲ ဒီစပါးတွေကို မင်းတို့လိုချင်ရင် ၅၀ ဈေးနဲ့ပဲ ပေးလိုက်ပါမယ်၊ ငါဝယ်တုန်းက ၆၀ ဈေးတောင်ပေးရတယ်’ လို့ပြောဆိုနေစဉ် အနီးနားမှာ ကစားနေတဲ့ မောင်အောင်ဆန်းက ‘အမကလည်း မဟုတ်တာပြောရော့မယ်။ ခင်ဗျား ၅၀ ဈေးနဲ့ဝယ်ထားတာ ကျွန်တော်အသိသားနဲ့၊ မှန်တာပြောပါဗျာ၊ လိမ်တာမကောင်းဘူး’ လို့ တဲ့တိုးကြီးဝ င်ပြောလိုက်တော့ ဘေးကလူတွေ ရယ်မောသဘောကျသလောက် ဧည့်သည်တွေပြန်သွားတဲ့အခါ အောင်ဆန်းလေးမှာ မိခင်ကြီးရဲ့ ပေါင်တွင်းကြောလိမ်ဆွဲတာကို ခံလိုက်ရပါတယ်။
ဒါပေမယ့် မောင်အောင်ဆန်းမှာ အလျှော့မပေး။ ‘အမက လိမ်ပြောတာကိုဗျ’ လို့ မိခင်ကြီးကို ဆင်ခြေပြန်ကန်ခဲ့ပါတယ်။ (အညာကျေးလက်ဒေသတွင် အမေကို အမ၊ ခင်ဗျားနှင့် ကျွန်တော် ပြောသည့်အလေ့အထ ရှိကြပါသည်။)
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ငယ်စဉ်ဘဝ ပင်ကိုစရိုက်နဲ့ စိတ်ထားတွေဟာ ဗိုလ်ချုပ်အသက်ထက်ဆုံး တည်မြဲပေါ်လွင်နေခဲ့တာကို အထင်အရှားတွေ့ရမှာ ဖြစ်ပါတယ်။ ကလေးများနေ့နဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ တစ်ထပ်တည်းကျတဲ့ ဒီလိုနေ့ထူးနေ့မြတ် ရက်ထပ်မှာ ကနေ့မျိုးဆက်သစ် ကလေးသူငယ် လူငယ်လူရွယ်တွေအနေနဲ့လည်း မောင်အောင်ဆန်းလို ကြိုးစားအားထုတ်မှု၊ ရိုးသားဖြောင့်မတ်မှု၊ ဇွဲ၊ လုံ့လ၊ သတ္တိရှိတဲ့ စိတ်ဓာတ်တွေကို လေးစားဂုဏ်ယူ အတုယူအားကျကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။
ကြေးမုံ
