မတ်လ ၁၆ ရက်နေ့ကတည်းက အီကောနောမစ်စာစောင် က ဝန်ထမ်းတွေအားလုံး အိမ်ကနေ အလုပ်လုပ်ကြ ရတယ်။ အဲဒီနေ့ပဲ လန်ဒန်ကရုံးမှာ အယ်ဒီတာတွေ နောက်ဆုံး ဆုံစည်းကြတာပါ။ ဘယ်တော့ရုံးပြန်တက် ကြရမလဲဆိုတာ ဘယ်သူမှ မသိကြသေးဘူး။
ထူးခြားတာက သူတို့တစ်တွေ မြန်မြန်ဆန်ဆန် လိုက်လျောညီထွေ အလုပ်လုပ်နိုင်ကြတာပါ။

ဧည့်ခန်းထဲက ခုံတွေ၊ မီးဖိုထဲက စားပွဲတွေမှာ ထိုင်ပြီး စာတွေရေးကြ၊ ဖတ်ကြ၊ တည်းဖြတ်ကြလုပ်ခဲ့ ကြတယ်။ အရင်နှစ်လအကြောင်းပြောရရင် ရှေးရှေး တုန်းကလို့ ပြောရသလိုဖြစ်နေတယ်။ BC ဆိုတာက ကိုရိုနာ မပေါ်မီအချိန်၊ AD ဆိုတာက အိမ်ကနေ အလုပ်လုပ်ရတဲ့အချိန်နောက်ပိုင်းပေါ့။ အခုလိုအပြောင်း အလဲဖြစ်တာဟာ ၁၉ ရာစုနဲ့ ၂၀ ရာစုမှာ လုပ်ငန်းခွင် အပြောင်းအလဲကြီးဖြစ်တာနဲ့ ယှဉ်လို့ရတယ်။ တွစ်တာက ဝန်ထမ်းတွေအားလုံး အိမ်ကနေအလုပ်လုပ်ကြတဲ့။ ဖေ့စ်ဘွတ်ကတော့ ဆယ်နှစ်အတွင်း ဝန်ထမ်းတစ်ဝက် အိမ်ကနေလုပ်ဖို့ တွက်တယ်။

ကိုယ်ပိုင်ပါဝါ အရင်းအမြစ်တွေရှိကြ

စက်ရုံတွေမှာက ရုတ်တရက်အပြောင်းအလဲ ဖြစ်သွားတာပိုပြီးမြန်တယ်။ ရေနွေးငွေ့သုံးလည်ပတ်ရတဲ့ စနစ်ဟာ ဧရာမစွမ်းအင်စနစ်ကြီးတစ်ခုကို အဓိကအားကိုး အားထားလုပ်ဖို့ စီမံထားတာဖြစ်ပြီး အဆောက်အအုံတွေ ထဲကို ခါးပတ်တွေ၊ ဘီးတွေ ဆွဲသွင်းလာခဲ့တယ်။ တစ်နေ ရာရာမှာ အမှားအယွင်းရှိလိုက်တာနဲ့ အားလုံးထိုးရပ်ကုန် ရော။ လျှပ်စစ်ပေါ်လာတော့ စက်တစ်ခုစီအတွက် ကိုယ်ပိုင်ပါဝါ အရင်းအမြစ်တွေရှိကြတယ်။ ဒါပေမဲ့ ၁၈၈၀ ပြည့်လွန်နှစ်တွေမှာ လျှပ်စစ်စပေါ်ချိန်ကစလို့စက်ရုံ တွေက သုံးတဲ့အချိန်အထိ နှစ် ၅၀ လောက်ကြာတယ်။
ဒါကတော့ မတိုင်မီကတည်းကရှိနေတဲ့ အခြေအနေ တွေကြောင့်ပါ။

ပထမအကြောင်းတရားက လှိုင်းကျယ် (Broadband) ဝန်ဆောင်မှုတွေကြောင့် စာရွက်စာတမ်းတွေ ပေးပို့တာ၊ ရယူတာ မြန်ဆန်စေတယ်၊ ဗီဒီယိုကွန်ဖရင့် လုပ်လို့ရစေ တယ်။ ဒုတိယအကြောင်းတရားက အဆင့်မြင့်စီးပွားရေး အဆောက်အအုံတွေမှာ စက်မှုလက်မှုကို အဓိကမထား ဝန်ဆောင်မှုကို အဓိကထား လည်ပတ်နေကြတာဖြစ်တယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေတုန်းက သတ္တုတူးသမားတွေ ဆန္ဒ ပြတာကိုတိုက်ဖျက်ဖို့ တစ်ပတ် သုံးရက်အလုပ်ဆင်းတဲ့စနစ် ဗြိတိန်မှာ ကျင့်သုံးခဲ့ရတယ်။ မီးပျက်တာတွေ၊ ရုပ်သံလွှင့်မှု စောစောစီးစီးရပ်ခဲ့ရတာတွေနဲ့ တွေ့ကြုံခဲ့ရတယ်။ တစ်နည်းအားဖြင့်ပြောရရင် အိမ်မှာနေရတာတွေကိုလည်း ထိခိုက်ခဲ့တယ်။ ကိုဗစ်ကြောင့် မီးမပျက်ပါဘူး။ ဒါတင် ဘယ်ကမလဲ။ အဝေးကနေ အလုပ်လုပ်တာကို ပုံမှန်လို့ သဘောထားလာကြတယ်၊ လက်လည်း လက်ခံနိုင်လာ ကြတယ်။ အရင်တုန်းက ဝန်ထမ်းတွေအိမ်မှာနေတယ်ဆိုရင် အလုပ်မလုပ်ချင်လို့ ရှောင်တာလို့ သံသယအဝင်ခံကြရတယ်။ အခုကျတော့ ရုံးမှာအလုပ်လုပ်တယ်လို့ပြောရင် ဟန်ကြီး ပန်ကြီးနိုင်တယ်လို့ မြင်လာကြတယ်။

ရဲဘော်ရဲဘက်စိတ် ထားဖို့ခက်

ဆုံးရှုံးပျောက်ကွယ်သွားတာတွေလည်း ရှိပါတယ်။ ဗီဒီယိုအစည်းအဝေးတွေက သာမန်အစည်းအဝေးတွေနဲ့ မတူဘူး။ လူတွေစိတ်သက်သာရာရအောင် ပေါ့ပေါ့ပါးပါး ပြောတာမျိုးလုပ်လို့မရဘူး။ တစ်ယောက်နဲ့တစ်ယောက် အလှမ်းကွာနေတော့ ရဲဘော်ရဲဘက်စိတ် ထားဖို့ခက်တယ်။

တီထွင်ဖန်တီးမှုတွေ ပေါ်ထွက်လာဖို့လည်း ခက်တယ်။ တစ်ခါတစ်ရံ တွေ့ဆုံကြုံကြိုက်မှုတွေကနေ အကြံကောင်း ဉာဏ်ကောင်းတွေ ထွက်ပေါ်လာတတ်တယ်လို့ ပညာရှင် တစ်ဦးက ဆိုတယ်၊ အခု အဲသလိုတွေ့ဆုံဖို့ ခက်သွားပြီ။

ရုံးခန်းတွေ လုံးဝပျောက်သွားမှာမဟုတ်ပေမယ့် ကိုဗစ်မတိုင်မီက အလုပ်လုပ်သလိုလုပ်ကြဖို့တော့ အတော် ခက်သွားပြီ။ နှစ်ပေါင်းတစ်ရာလောက် လူတွေဟာ ကားတွေ၊ ရထားတွေကျပ် လမ်းပိတ်တာတွေကို ဖြတ်သန်းပြီးမှ ရုံးခန်းထဲကို ရောက်ကြတာ။ တစ်ပတ်ကို ငါးရက် အလုပ်လုပ်ခဲ့ကြရတာ။ လွန်ခဲ့တဲ့နှစ်လလုံးလုံး သူတို့ ခရီးသွားစရာမလိုခဲ့ကြဘူး။ တောက်လျှောက်အနားရနေ ခဲ့ကြတယ်။

အဘိုးအိုကြီးတစ်ယောက်လိုဖြစ်

အလုပ်ရှင်တွေဘက်ကကြည့်ရင် ဝန်ထမ်းတွေကို တစ်နေရာတည်းမှာ စုထားနိုင်ဖို့ မြို့လယ်ကောင်က ရုံးခန်း တွေ ကို ဈေးကြီးပေးပြီး ငှားရမ်းခဲ့ကြရတယ်။ ငှားခအပြင် သန့်ရှင်းရေး၊ မီး၊ စက်၊ အစားအစာနဲ့ လုံခြုံရေးစရိတ်တွေ လည်း ထပ်ကုန်သေးတယ်။ အိမ်ကနေ အလုပ်လုပ်ကြတော့ ကိုယ့်စရိတ်ကို ကိုယ်ရှင်းပဲ။ လုပ်ငန်းနဲ့ ဝန်ထမ်း အတော် များများအတွက်ကတော့ ဌာနချုပ်ဆိုတာ ကန့်လန့်ကာ နောက်က အဘိုးအိုကြီးတစ်ယောက်လို ဖြစ်သွားခဲ့ပါပြီ။ ဗဟိုကချုပ်ကိုင်တဲ့ ရုံးအပေါ် မူလယုံကြည်မှုမျိုး ပြန်မရ နိုင်တော့ပါ။
နောက်တစ်ခုက တစ်ပတ် ငါးရက် အလုပ်လုပ်တဲ့ စနစ်လည်း ပျောက်ဆုံးသွားခဲ့ပါပြီ။ ကပ်ရောဂါ မဖြစ်မီ ကတည်းက စနေ၊ တနင်္ဂနွေရုံးပိတ်ရက်တွေမှာ ဖုန်းပြော တာ အီးမေးလ်ဖြေတာမျိုးတွေကို အလုပ်သမား အတော် များများက လုပ်နေကြပါပြီ။ အိမ်နဲ့ အလုပ်ခွဲခြားပြီး ဖိအား လျော့နည်းဖို့၊ အသုံးဝင်ခဲ့တဲ့ စနစ်ကို ဆက်လက်ကျင့်သုံးဖို့ ခက်လာပါပြီ။ တစ်ပတ် ငါးရက် အလုပ်လုပ်တာ၊ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ အလုပ်လုပ်တာတွေလည်း မရှိတော့လို့ ရုံးပိတ်ရက်ဆိုတာလည်း သိပ်အဓိပ္ပာယ် မရှိတော့ပါဘူး။ ကြိုက်တဲ့အချိန်အလုပ်လုပ် ကြိုက်တဲ့ အချိန်နားပဲ။ ကုမ္ပဏီက ဗီဒီယိုနဲ့ခေါ်တဲ့အချိန်ပဲ ပုံသေ သတ်မှတ်ထားလို့ ရမယ်။

နည်းလမ်းအသစ်တွေ အမြဲစမ်းသပ်နေကြ

ပြဿနာက ဘဝရဲ့စည်းချက်တွေ ကမောက်ကမ ဖြစ်ကုန်ပြီး ပုံမှန်လုပ်စရာတွေက အဟောင်းတွေမဟုတ် တော့ဘဲ အသစ်တွေ လိုအပ်လာကြတော့မယ်။ လူတွေက တစ်နေ့တစ်နေ့ မတူရမထပ်ရလေအောင် နည်းလမ်း အသစ်တွေ အမြဲစမ်းသပ်နေကြရလိမ့်မယ်။ ဗြိတိသျှ ပေါ့တေးဂီတအဖွဲ့ Madness ရဲ့ ဘောင်းဘီအပွကြီးတွေ နဲ့ ကျောင်းတက်ရတဲ့အကြောင်း သီချင်းထဲကလိုပေါ့။

ရှေ့ကိုမျှော်ကြည့်မယ်ဆိုရင် အိမ်ကနေ အလုပ် လုပ်တဲ့အချိန် နောက်ပိုင်းမှာ တခြားအပြောင်းအလဲတွေ လည်း ဖြစ်လာနိုင်ပါတယ်။ နေ့တိုင်းရုံးသွားတက်စရာ မလိုတော့ အိမ်လခသက်သာတဲ့ မြို့လေးတွေ ပြောင်းရွှေ့ နေတာတွေလည်း ပေါ်ပေါက်လာနိုင်ပါတယ်။ အမျိုးသား တွေအတွက်က ရုံးသွားနေရလို့ အိမ်သန့်ရှင်းရေး မလုပ်နိုင်ပါဘူး၊ ကလေးမထိန်းနိုင်ပါဘူးလို့ ဆင်ခြေ ပေးလို့ မရတော့ဘူး။ တစ်နည်းပြောရရင်တော့ ဒါဟာ ပုံမှန်အခြေအနေကို ပြန်ရောက်လာတာပါ။ ၁၉ ရာစုနှစ် အထိ လူအတော်များများဟာ အိမ်မှာ ဒါမှမဟုတ် အိမ်နား မှာ အလုပ်လုပ်ခဲ့ကြတာပါ။ ဒါပေမဲ့ လူမှုသမိုင်းပညာရှင် တွေကတော့ ၂၀၂၀ ကိုခေတ်သစ်တစ်ခုရဲ့ အစပိုင်းလို့ အသိအမှတ်ပြုကြပါလိမ့်မယ်။

ညွှန်း- The Economist 30thMay
ကြေးမုံ