နေပြည်တော် စက်တင်ဘာ  ၂၃

 

ယခုသင်တန်းတွင် သင်တန်းသားများကို IT နှင့်သက်ဆိုင်သော အသုံးချဘာသာရပ်များကို အခြေခံမှ စတင်၍ သင်ကြားပို့ချပေးခဲ့ပြီးဖြစ်ရာ ယခင်ရှိပြီးသော လုပ်ငန်းအတွေ့အကြုံ၊ ဗဟုသုတများ ပေါင်းစပ်၍ ရှာဖွေစုဆောင်း လေ့လာသင်ယူနိုင်စွမ်းရှိမှု၊ ဝေဖန်ဆန်းစစ်ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်မှု စသည့် အရည်အချင်းများနှင့်အတူ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှအသုံးချ၍ လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိရှိ အသုံးချဆောင်ရွက်သွားကြရန်၊ အချိန်နှင့်အမျှ တိုးတက်နေသည့် IT နည်းပညာတွေ ကို ဆက်လက်လေ့လာသွားကြရန်နှင့် မိမိတို့မှတစ်ဆင့် ဆင့်ပွားပညာတွေ ဖြန့်ဝေသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးလုပ်ငန်းဆိုင်ရာကျွမ်းကျင်မှု မွမ်းမံသင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ နေပြည်တော်ဗဟိုသင်တန်းကျောင်းတွင် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ကျင်းပရာတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက ယင်းသို့ပြောကြားခြင်း ဖြစ်သည်။

 

ထို့ပြင် ပေးအပ်လာသည့် တာဝန်နှင့် ဝတ္တရားတွေကို ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ တာဝန်ယူ၊ တာဝန်ခံနိုင်သည့်သူများဖြစ်ရေး နေထိုင်ကျင့်ကြံသွားကြရန် နိုင်ငံတော်နှင့် ဝန်ကြီးဌာန အတွက်၊ မိမိလုပ်ငန်းခွင်အတွက် အားကိုးအားထား ပြုလောက်သည့် သီလ၊ သမာဓိ၊ ပညာပြည့်ဝသော ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန်၊ ဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံတော် အကျိုးတို့ကို စိတ်ကောင်းစေတနာကောင်းအပြည့်ဖြင့် ဆောင်ရွက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်အောင်   ကြိုးပမ်းကျရန်လိုကြောင်း ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ က ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုမွမ်းမံ သင်တန်း အမှတ်စဉ်(၃)သင်တန်းမှ ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ သင်တန်းဆင်းလက်မှတ်အား သင်တန်းသားများထံသို့လည်းကောင်း ပေးအပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် သင်တန်းသား(၅၀)ဦးကို ရက်သတ္တ(၈)ပတ်ကြာ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)