ရန်ကုန် နိုဝင်ဘာ ၁၆

 

ဒဂုံမြို့နယ်၊ သိင်္ဂုတ္တရကုန်းတော်၌ တည်ထားတော်မူသည့် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးဧည့်သည်များ လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိရာ ရုံးပိတ်ရက် တန်ဆောင်တိုင်ကာလ လာရောက်ဖူးမြော် ကြည်ညိုကုသိုလ်ယူကြသူ များပြားမည်ဖြစ်သောကြောင့် လာမည့် နိုဝင်ဘာ ၁၇ ရက်နှင့် ၁၈ ရက် နှစ်ရက်အား နံနက် ၅ နာရီမှ ည ၇ နာရီအထိ အချိန်တိုးမြှင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်း ဂေါပကအဖွဲ့မှ သိရသည်။

 

“အရင်တုန်းကတော့ ညလုံးပေါက် မသိုးသင်္ကန်းရက်တာပေါ့နော်၊ ဒီနှစ်တော့ လပြည့်နေ့မနက်ကို မသိုးသင်္ကန်း မကပ်ဖြစ်တော့ပါဘူး၊ အခုတော့ ကိုဗစ်ကြောင့် မနှစ်ကလည်း ကျွန်တော်တို့ မကျင်းပဖြစ်ဘူး၊ ဒီနှစ်မှာလည်း ကျင်းပဖို့အစီအစဉ် မရှိပါဘူး၊ အဲဒီလပြည့်နေ့မှာတော့ ဘုရားဂေါပကရဲ့ အစီအစဉ်နဲ့ပဲ အကျဉ်းချုံးပြီးတော့ပဲ ၀န်ထမ်းတွေနဲ့ မနက်မှာ ဆွမ်းတော်ကြီး ကပ်တာတွေလုပ်မယ်၊ ပြီးရင် နံနက် ၅ နာရီခွဲမှာ မုခ်လေးမုခ်မှာရှိတဲ့ ရုပ်ပွားတော်တွေနဲ့ အထက်ပစ္စယံက ပတ္တမြားမျက်ရှင်မှာ ရွှေကြာသင်္ကန်းကပ်မယ့် အစီအစဉ်တွေလုပ်မှာဖြစ်ပြီး အကျဉ်းချုံးပဲလုပ်မှာ ဖြစ်ပါတယ်၊ ဘုရားဖူးတာကိုတော့ အဖိတ်နေ့နဲ့ လပြည့်နေ့ဖြစ်တဲ့ နိုဝင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်ကိုတော့ နံနက် ၅ နာရီကနေ ည ၇ နာရီထိ အချိန်သတ်မှတ်တိုးမြှင့် စီစဉ်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်၊ နောက်ရက်ပိုင်းတွေမှာတော့ ဘုရားဖူးချိန်ကို ပုံမှန်အချိန်အတိုင်း နံနက် ၆ နာရီကနေ ည ၆ နာရီအထိ ပြန်လည်သတ်မှတ်ပေးမှာ ဖြစ်ပါတယ်”ဟု ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်း ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက ပြောသည်။

 

ယခုအခါ လာရောက်ဖူးမြော် ကြည်ညိုကုသိုလ်ယူကြသော ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးဧည့်သည် အနည်းငယ်ပိုမိုများပြားလာခဲ့ရာ နေ့စဉ်လာရောက်ဖူးမြော်ကြည်ညို ကုသိုလ်ယူကြသော ဘုရားဖူးဧည့်သည်ဦးရေမှာ တစ်ရက်လျှင် ၅၀၀၀ နှင့် ၁၀၀၀၀ ကြားထိ ဝင်ရောက်ဖူးမြော်လျက်ရှိကြပြီး အစိုးရရုံးပိတ်ရက်ဖြစ်သော စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင်လည်း ဘုရားဖူးဧည့်သည် ၃၀၀၀၀ ဦးနှင့် ၅၀၀၀၀ ဦးဝန်းကျင်ကြား လာရောက်ဖူးမြော် ကြည်ညိုကုသိုလ်ယူကြကြောင်း၊ ထို့ပြင် ယခု ၂၀၂၁ ခုနှစ်ဖြစ်သော ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့) ၌ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့  လာရောက်ဖူးမြော် ကြည်ညိုကုသိုလ်ယူကြသော ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးဧည့်သည်ဦးရေမှာ စုစုပေါင်း ၁၂၇၇၉၃ ဦးအထိရှိခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်း ဂေါပကအဖွဲ့မှ စာရင်းများအရ သိရသည်။

 

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့အနေဖြင့် ဘုရားဖူးပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ သတိပေးချက်များနှင့် နှိုးဆော်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်စေ၍ စေတီတော်သို့ရောက်ရှိသည့်အခါ လက်ဆေးစေခြင်း၊ စောင်းတန်းနှင့် ဓာတ်လှေခါး၀င်ပေါက်များ၌ ကိုယ်အပူချိန်တိုင်းတာခြင်းများ အပါအဝင် နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Shield) များ စနစ်တကျ တပ်ဆင်စေခြင်းများကို ကျန်းမာရေးနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သတင်း(ပွင့်သစ္စာ)

ဓာတ်ပုံ(လင်းရာမ)