နေပြည်တော် ၁၆ ဇူလိုင်
ခရစ်သက္ကရာဇ် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၆ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် ဝါဆိုလပြည့်နေ့သည် ဓမ္မစကြာအခါတော်နေ့ဖြစ်သည်နှင့်အညီ တရားဝင်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် ဖြစ်သည့်အတွက် နေပြည်တော်ရှိ တန်ခိုးကြီး ဘုရားပုထိုး စေတီများ ကျောင်းကန်များ၌ ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းများ ကပ်လှူပူဇော်သူ၊ တရားဘာဝနာ ကျင့်ကြံအားထုတ်သူ ဒါနပြုကုသိုလ်ယူ သီလဆောက်တည်သူများဖြင့် အထူးစည်ကားလျက်ရှိပြီး အပန်းဖြေနားနေရာများ၌လည်း အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိသည်။
နေပြည်တော်ရှိ အပန်းဖြေနေရာများဖြစ်သည့် တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာရီ ဥယျာဉ်၊ ရေပန်းဥယျာဉ်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ လှေခွင်းတောင် အစရှိသည့်နေရာများနှင့် ဈေးဝယ်စင်တာများ ရုပ်ရှင်ရုံများတွင် ဝန်ထမ်းများ အနယ်နယ်အရပ်ရပ်မှ ပြည်သူများဖြင့် စည်ကားများပြားလျက်ရှိသည်ကို တွေ့ရသည်။
“ကျွန်တော်ကွပ်ကဲရတဲ့ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)ကို ဒီနေ့ဟာ နေ့ထူးနေ့မြတ်ဖြစ်တဲ့အတွက် တိရစ္ဆာန်ဥယျာဉ်ထဲကို လာရောက်အပန်းဖြေကြရင်း တိရစ္ဆာန်တွေကို အစာကျွေး ကုသိုလ်ကောင်းမှုပြုကြတဲ့ ပြည်သူတွေကို မြင်တွေ့ကြရမှာဖြစ်ပါတယ်၊ ဒီဥယျာဉ်ကြီးထဲမှာ တိရစ္ဆာန်တွေကို အတတ်နိုင်ဆုံး လွတ်လပ်စွာထားတဲ့အတွက် နိုင်ငံခြားသားတွေလည်း စိတ်ဝင်တစား လာရောက်လည်ပတ် အပန်းဖြေကြပါတယ်၊ ပြည်တွင်းကလာရောက် အပန်းဖြေကြတဲ့သူတွေကအများဆုံးဖြစ်ပါတယ်။ ဆာဖာရီ တိရစ္ဆာန်ဥယျာဉ်နဲ့လည်း တစ်ဆက်တစပ်တည်း ဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မီ တိရစ္ဆာန်ဥယျာဉ်ကြီးတွေ ဖြစ်ပါတယ်။ တစ်နှစ်ထက်တစ်နှစ် လာရောက်လည်ပတ်တဲ့သူတွေ စိတ်ချမ်းသာမှုရအောင်၊ အပန်းဖြေတာပိုပြီး အဓိပ္ပာယ်ရှိအောင် ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ ဒီလိုနေ့မျိုးတွေမှာဆိုရင် ဆင်လိမ္မာ ပြပွဲတွေ၊ ဆင်ကပွဲတွေ အထူးစီစဉ်ထားပါတယ်။ လာရောက်အပန်းဖြေစေချင်ပါတယ်လို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန တိရစ္ဆာန်ဥယျာဉ်များဌာန ညွှန်ကြားရေးမှူး ဦးပြည့်စုံမျိုးက ရှင်းပြသည်။
အဆိုပါ တိရစ္ဆာန်ဥယျာဉ်အတွင်း ဆင်ကပွဲကြည့်ရှုနေသည့် တပ်ကုန်းမြို့သား ကိုဘိုစောမင်းက “ဝါဆိုလပြည့်နေ့မှာ မိသားစု လာရောက်အပန်းဖြေကြတာဖြစ်ပါတယ်။ ဒီတိရစ္ဆာန်ဥယျာဉ်ကို လာရောက်အပန်းဖြေကြည့်စေချင်ပါတယ်။ တိရစ္ဆာန်တွေကို အစာကျွေးရင်း ကုသိုလ်ကောင်းမှုတွေပြုနိုင်ပါတယ်” ဟု ဆိုသည်။
“ကျွန်တော်နဲ့ ကျွန်တော်မိသားစုက ကလေးတွေ ဒီတိရစ္ဆာန်ဥယျာဉ်ကို တစ်ခါမှ မရောက်ဖူးသေးပါဘူး။ နေပြည်တော်ရဲ့ အပန်းဖြေနေရာတွေထဲက တစ်ခုဖြစ်တဲ့ ဒီတိရစ္ဆာန် ဥယျာဉ်ကို လာရောက်အပန်းဖြေရတာ ကျေနပ်စရာပါ။ ကလေးတွေလည်းပျော်၊ လူကြီးတွေလည်းပျော်နေကြပါတယ်။ မရောက်ဖူးတဲ့သူတွေကိုလည်း လာရောက်အပန်းဖြေစေချင်ပါတယ်” ဟု တိရစ္ဆာန်ဥယျာဉ်အတွင်းရှိ ကလေးအားကစားကွင်း၌ အပန်းဖြေလျက်ရှိသည့် ဦးမောင်မြင့်က ပြောသည်။
အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)၌လည်း လာရောက်အပန်းဖြေကြသူများဖြင့် စည်ကားလျက်ရှိသည်။
“တကယ်တော့ ဒီဥယျာဉ်ကို လာရောက်လေ့လာသင့်တယ်ဗျ။ တိုင်းရင်းသားညီ အစ်ကိုဒေသတွေရဲ့ အငွေ့အသက်တွေကိုခံစားရတယ်။ သာယာလှပတဲ့ ရှုခင်းတွေကို ကြည့်ရှုရင်း စိတ်နှလုံးကြည်နူးရတယ်။ ပိတ်ရက်လည်းဖြစ်တဲ့အတွက် သူငယ်ချင်းတွေစုပြီး လာရောက်အပန်းဖြေနားနေကြတာ ဖြစ်ပါတယ်။ ဥယျာဉ်ထဲမှာ လူတွေအများကြီးလေ့လာ နေကြတာတွေ့ရတဲ့အတွက် ပျော်စရာလည်းဖြစ်ပါတယ်” ဟု တပ်ကုန်းမြို့နယ် ကင်းသာရွာမှ မောင်ချစ်က ၎င်း၏ ကြည်နူးပျော်ရွှင်မှုများကို မျှဝေသည်။
အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်) မှ လက်ထောက်မန်နေဂျာ ဒေါ်မေသော်ဝင်းထိန်က “ဥယျာဉ်ထဲမှာ တိုင်းရင်းသားရိုးရာအိမ်တွေ၊ ရိုးရာစားသောက်ဆိုင်တွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ ထင်ရှားတဲ့ပြကွက်တွေ၊ ကလေးကစားကွင်းတွေနဲ့ အခြားလေ့လာနားနေစရာတွေက စုံလင်လှပါတယ်။ အခါကြီးရက်ကြီးတွေမှာ ဥယျာဉ်ကို လာရောက်အပန်းဖြေတဲ့သူတွေ များပြားပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ မြဝတီအနုပညာအဖွဲ့တွေရဲ့ ဖြေဖျော်တင်ဆက်မှုတွေလည်း ရှိပါတယ်။ အပန်းဖြေရေး၊ စားသောက်ရေးနဲ့ သွားလာရေး တွေအတွက် အားလုံးအဆင်ပြေအောင် စီမံဆောင်ရွက်ထားပါတယ်။ ဒီဥယျာဉ်ကို ကိုယ်တိုင်လာရောက်အပန်းဖြေကြည့်မှ အပန်းဖြေခြင်းရဲ့ အရသာကို ပိုမိုခံစားနိုင်မယ်လို့ ဆိုချင်ပါတယ်” ဟု ဆိုသည်။
နေပြည်တော်ရောက်လျှင် မလည်မဖြစ်သွားရောက်လည်ပတ်ကြသည့် လှေခွင်းတောင် ပေါင်းလောင်းကမ်းခြေ၌လည်း ယနေ့တွင် လာရောက်အပန်းဖြေကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာမြို့နယ်မှ ဦးမြင့်လှိုင်က “ဝါဆိုလပြည့်နေ့မှာ ကျွန်တော်တို့မိသားစုတွေ နေပြည်တော်သွားမယ်ဆိုပြီး ရန်ကုန်ကနေလာခဲ့ကြတာပါ၊ ဘုရားတွေစုံအောင်ဖူးခဲ့ပြီး ဒီပေါင်းလောင်းအပန်းဖြေကမ်းခြေမှာ လာရောက်အနားယူကြမယ်ဆိုပြီး လာခဲ့ကြတာပါ။ ဒီရောက်တော့ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နား နေကြပါတယ်။ ပျော်တယ်ဗျ၊ ဒေသန္တရဗဟုသုတ ရပါတယ်” ဟု ဆိုသည်။
နေပြည်တော်ရှိ ဈေးဝယ်စင်တာများ ဖြစ်ကြသည့် Junction ၊ Capital ၊ စိန်ဒေါင်းနှင့် Ocean တို့တွင်လည်း ဈေးဝယ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
ဝန်ထမ်းတစ်ဦးဖြစ်သည့် မအေးသောင်းက " ဒီနေ့ ဝါဆိုလပြည့်နေ့ ဖြစ်တဲ့အတွက် ဘုရားတွေမှာ ကုသိုလ်ပြုနိုင်ဖို့ လှူဒါန်းဖွယ်ရာပစ္စည်းတွေ လာဝယ်တာပါ။ ဈေးဝယ်သူတွေများနေတဲ့အတွက် ငွေရှင်းကောင်တာမှာ တော်တော်ကြာအောင် စောင့်နေခဲ့ရတယ်။ ဒီလိုအခါကြီးရက်ကြီးလည်းဖြစ်၊ ရုံးပိတ်ရက်လည်း ဖြစ်တဲ့အတွက် အခြားစင်တာတွေမှာ ကျွန်မသူငယ်ချင်းတွေ ဈေးသွားဝယ်နေကြပါတယ်" ဟုပြောသည်။
နေပြည်တော် အောင်သပြေရုပ်ရှင်ရုံ ၌လည်း ရုပ်ရှင်ကြည့်ရင်း အပန်းဖြေအနား ယူကြသည့် ဝန်ထမ်းများနှင့် ပြည်သူများစည်ကားလျက်ရှိသည်။
“ဝါဆိုလပြည်နေ့က အများပြည်သူပိတ်ရက်ဆိုတော့ ရုပ်ရှင်လက်မှတ်တွေကို ကြိုတင်မှာယူကြတာများတယ်။ တချို့က ဒီနေ့ကိုပဲ ရုပ်ရှင်ကြည့်ချင်တဲ့သူ တွေကရှိ နေတယ်၊ ဒီနေ့ ပြသတဲ့ ပွဲစဉ်တိုင်း ရုပ်ရှင်ချစ်ပရိသတ်က ရုံပြည့်ရုံလျှံဖြစ်နေပါတယ်။ ဆိုလိုချင်တာက ဒီနေ့မှာ ရုပ်ရှင်ကြည့်ရင်း အပန်းဖြေတဲ့သူများတယ်လို့ ပြောချင်တာပါ။ ကျွန်မတို့ ရုပ်ရှင်ရုံမှာ အားပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်” နေပြည်တော် သပြေကုန်း အောင်သပြေရုပ်ရှင်ရုံဝန်ထမ်း မစိုးမိုးသူက ပြောပြသည်။
မင်းမင်းဇော်(သတင်းစဉ်)
ဓာတ်ပုံ - ထိန်နန်နော်


