ကောလင်း ၃ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ်ရှိ ကျေးရွာများသည် ဒေါင်းမြူးချောင်းကို အခြေခံကာသီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိပြီး ရုံးပတီသီးကိုစျေးကောင်းသဖြင့် စိုက်ပျိုးသူများအဆင်ပြေပြီး စိုက်ပျိုးသူများပြား လာကြောင်းသိရသည်။
“ကျွန်တော်ကြက်ဖတံဆိပ်ရုံးပတီမျိုးစေ့ကို စိုက်ပျိုးရေးဆိုင်ကတစ်ထုပ်ဝယ်ပြီးမျိုးစေ့ကို ယခင်နှစ် ကတည်းက မျိုးပြန်ယူထားတာပါ။ တစ်ဧကစိုက်ကို မျိုးဖိုး၊ မြေသြဇာ၊ ပိုးသတ်ဆေးဖိုး၊ ထွန်ယက်ခ စုစုပေါင်း ကုန်ကျစရိတ် ၁သိန်းခွဲခန့် ကုန်ကျပါတယ်။ ယခင်နှစ်က ဒီအချိန်ဆို ဧကဝက်စိုက်တာ နေ့စဉ် ခူးဆွတ် ခူးဆွတ်ရပြီး တစ်ခါကောက်ကိုအတောင့် ၂၀၀၀၀ အထိတော့ ရပါတယ်။ ဒါပေမယ့် အတောင့်အကြီး အသေးပေါ် မူတည်၍ ရုံးပတီသီးတစ်တောင့်ကို ၂ ကျပ်မှ ၃ ကျပ်အထိ တာရောင်းရသဖြင့် အမြတ်နည်း ခဲ့ပါတယ်။ ယခုနှစ်လည်း ရုံးပတီသီးမျိုးစေ့ နှစ်ပြည်စိုက်ပျိုးထားပါတယ်။ ကောက်နေတာကတော့ သုံးပတ်လောက်ရှိပြီဆိုတော့ အတောင့် ၂၅၀၀၀ လောက်တော့ရပါပြီ။ ရုံးပတီတစ်တောင့်ကို အကြီးအသေး ပေါ်မူတည်၍ ၆ ကျပ်မှ ၇ ကျပ်ဖြင့် ကောလင်းမြို့ပေါ်ရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်း ဆိုပေမယ့် ရုံးပတီသီး စျေးကောင်းသဖြင့် စိုက်ပျိုးသူများအဆင်ပြေပါတယ်” ဟု အုပ်ဖိုကျေးရွာက ဦးမောင်ထွန်းက ပြောသည်။
ရုံးပတီသီး ဧကဝက်စိုက်ကို ခူးဆွတ်ရန် အလုပ်သမားတစ်ယောက်လျှင် ၂၅၀၀ ကျပ်ဖြင့် နှစ်ယောက်ပုံမှန် ငှားထားသဖြင့် အလုပ်သမားများလည်း နေ့စဉ်ဝင်ငွေရရှိပြီး ကျွန်တော်တို့လည်း နေ့စဉ် ပုံမှန် ဝင်ငွေရရှိ၍ အဆင်ပြေကြောင်း ၎င်းက ဆက်ပြောသည်။
မြင့်ထွန်းမင်း(ကောလင်း)