ရန်ကုန် ၂၅ ဇန်နဝါရီ
ပြန်ကြားရေးဝန်ကြီးဌာန ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ (Broadcasting Governing Body-BGB) ၁ /၂၀၂၀ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ယခုအစည်းအဝေးသည် ၂၀၂၀ ပြည့်နှစ်တွင် ပထမဆုံးပြုလုပ်သည့် အစည်းအဝေးဖြစ်ကြောင်း၊ တချို့အကြောင်းအရာများသည် လူကိုယ်တိုင် မျက်နှာချင်းဆိုင်တွေ့မှ ပြောဆိုတိုင်ပင်ဆွေးနွေး ပူးပေါင်းဆောင်ရွက်ရမည့် အရာများဖြစ်ပါကြောင်း၊ ဒီမိုကရေစီလူ့ဘောင်တွင် မီဒီယာကို တစ်ဦးတစ်ယောက်ထဲ လုပ်ဆောင်၍မရကြောင်း၊ အားလုံးရှင်သန်နိုင်မည့် အခင်းအကျင်းတစ်ခု ပေါ်ထွန်းလာအောင် ပူးပေါင်းဆောင်ရွက်မှသာ လုပ်ငန်းဆောင်ရွက်မှု ချောမွေ့မည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီး ဌာနတစ်ခုတည်းဖြင့် ဆောင်ရွက်၍မရနိုင်သည့် အကြောင်းအရာ များစွာရှိသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ မိမိတို့၏ လိုအပ်ချက်များကို အားလုံးရှေ့ ပွင်းလင်းမြင်သာစွာ ပြောဆိုဆွေးနွေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ငွေကြေးပေးသုံးမှုကိစ္စရပ်များ၊ စာချုပ်များပြင်ဆင်ရေးကိစ္စရပ်၊ ဒစ်ဂျစ်တယ် ရုပ်သံအစီအစဉ်ထုတ်လွှင့်မှုများ၏ စိန်ခေါ်မှုများ၊ မြန်မာအသံနှင့် ရုပ်မြင်သံကြားကို SD မှ HD သို့ ပြောင်းလဲထုတ်လွှင့် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ဒုတိယ အင်ဂျင်နီယာချုပ် ဒေါ်ဇင်ဝါကြူက ရုပ်သံထုတ်လွှင့်ဆိုင်ရာများနှင့် ညွှန်ကြားရေးမှူး (ဘဏ္ဍာရေး) ဦးဇေယျာမင်းက ယခင်ပြုလုပ်ခဲ့သည့် အစည်းအဝေး ၅/၂၀၁၉ ၏ ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေကိုတင်ပြပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မတ်လတွင်ကျင်းပမည့် စတုတ္ထအကြိမ်မြောက် စက်မှုတော်လှန်ရေးဆိုင်ရာ နည်းပညာအခွင့်အလမ်းများမှ အသံလွှင့် မီဒီယာဖျော်ဖြေမှုလုပ်ငန်းများအပေါ် သက်ရောက်မှုအလုပ်ရုံ ဆွေးနွေးပွဲ အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် FM ရေဒီယို အသံလွှင့်လုပ်ငန်းများနှင့် ရုပ်မြင်သံကြားထုတ်လွှင့်သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။
သတင်းစဉ်