နေပြည်တော် ၁၁ ဒီဇင်ဘာ
ပြန်ကြားရေးဝန်ကြီးဌာန ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများကြီးကြပ်မှုအဖွဲ့ (Broadcasting Governing Body - BGB) လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၇/၂၀၁၉) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ယခုအစည်းအဝေး၌ စက်မှုပိုင်းဆိုင်ရာ၊ ငွေရေးကြေးရေးဆိုင်ရာ၊ စီမံအုပ်ချုပ်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပြီးခဲ့သည့် (၆/၂၀၁၉)အစည်းအဝေး မှတ်တမ်းအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများကို ဆွေးနွေးသွားကြမည်ဖြစ်ပါကြောင်း၊ အားလုံးသိကြပြီးဖြစ်သည့်အတိုင်း ယခုအခါ မိမိတို့နိုင်ငံအပေါ် နိုင်ငံတကာ အသိုက်အဝန်းက အထူးအာရုံစူးစိုက် စောင့်ကြည့်လျက်ရှိသဖြင့် မိမိတို့ မီဒီယာများအနေဖြင့် မိမိတို့၏ အစီအစဉ်များကို ရေးသားထုတ်လွှင့်ဖော်ပြသည့်အခါ မီဒီယာကျင့်ဝတ်လိုက်နာရန်၊ မီဒီယာပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအဆင့်အတန်းမြင့်မားရန် အထူးအရေးကြီးပါကြောင်း၊ ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း မှာကြားသည်။
ထို့နောက် ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများကြီးကြပ်မှုအဖွဲ့ အဖွဲ့ဝင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဒုတိယညွှန်ကြားရေးမှူးချုပ် (EIC) ဦးမျိုးမြင့်အောင်က လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး(စီမံခန့်ခွဲရေး) ဦးစောမြင့်ဇော်က BGB အစည်းအဝေး အမှတ်စဉ် (၆/၂၀၁၉) ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုကို ဖတ်ကြားတင်ပြပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စက်မှုဌာနခွဲနှင့် ဘဏ္ဍာရေးဌာနခွဲမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် FM ရေဒီယို အသံလွှင့်လုပ်ငန်းများနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်သည့် ကုမ္ပဏီများက လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
သတင်းစဉ်